နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
နိုင်ဂျီးရီးယားနိုင်ငံ မိုင်ဒူဂူရီမြို့မှာ ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး ၈၃ ယောက် ဒဏ်ရာရတယ်လို့ စစ်တပ်ပြောခွင့်ရက ဧပြီ ၂ ရက်နေ့မှာ ပြောပါတယ်။ အစိုးရက အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုနဲ့ ဆွေးနွေးနေတယ်လို့ ပြောအပြီး အကြီးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းက မိုင်ဒူဂူရီမြို့ထဲဝင်ဖို့ ကြိုးစားတဲ့ ဘိုကိုဟာရမ်တွေနဲ့ အစိုးရတပ်တို့ ဧပြီ ၁ ရက်နေ့ နှောင်းပိုင်းက သေနတ်တိုက်ပွဲ ဖြစ်ခဲ့တာပါ။ မြို့စွန်က ဂီဝါ စစ်တန်းလျားနားမှာရှိတဲ့ ရွာ ၂ ရွာရဲ့ သီဟိုဠ်သရက် စိုက်ခင်းထဲမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ စစ်တပ်က ပြောပါတယ်။ ဘိုကိုဟာရမ်တွေ ဗုံးတွေနဲ့အတူ ရွာထဲဝင်လာချိန်မှာ ဘယ်သူမှ အကြောင်းကြားမခံရဘူး၊ သေနတ်သံကြားလို့ ထွက်ကြည့်မှ မြင်တာလို့ သေဆုံးသူတဦးရဲ့ ညီအစ်ကိုတော်စပ်သူက ပြောပါတယ်။ ဒဏ်ရာရသူတွေကို အစိုးရ အထူးကုဆေးရုံဆီ ရွှေ့နေတယ်လို့ ဘော်နိုပြည်နယ် အရေးပေါ်ဌာန ဘေးကင်းရာ ရွှေ့ပြောင်းရေးခေါင်းဆောင်က ပြောပါတယ်။ ဘိုကိုဟာရမ်တွေဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက ဘယ်လ်ဂျီယံနိုင်ငံ အကျယ်လောက်ရှိတဲ့ ဒေသကို ထိန်းချုပ်နိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေက စစ်တပ်တွေရဲ့ အကူအညီတွေနဲ့ သူတို့ပိုင်နက် အများစုကနေ ပြန်မောင်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းသာမက အိမ်နီးချင်း ကင်မရွန်း၊ နိုက်ဂျာနဲ့ ချဒ်နိုင်ငံတွေထဲမှာ အသေခံဗုံးခွဲတာ၊ သေနတ်ကိုင်စီးနင်းတာ၊ ပြန်ပေးဆွဲတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up