ကားထဲသို့ ကျားသစ်ခုန်ဝင်လာမှုကြောင့် ခရီးသည်များ ထိတ်လန့်(ရုပ်သံ)

အရှေ့အာဖရိက တန်းဇေးနီးယားနိုင်ငံက ဆာဖာရီခရီးစဉ်အတွင်းမှာ အမေရိကန် ခရီးသွားတဦးရဲ့ ဂျစ်ကားထဲ အရွယ်ရောက်ပြီးသား ချီတာ ကျားသစ်တကောင် ခုန်ဝင်လာလို့ ခရီးသွား ထိတ်လန့်မှုဖြစ်ခဲ့ရပါတယ်။ ရုပ်သံထဲမှာ ခရီးသွား ဘရစ်တန်ဟေးရက်စ်က ထိတ်လန့်စွာနဲ့ နှုတ်ဆိတ် ထိုင်နေတာကို မြင်ရပြီး သူ့ထိုင်ခုံအနောက်မှာတော့ ချီတာကျားတကောင်ကို တွေ့ရပါတယ်။ သူတို့အုပ်စု ချီတာကျားသစ် ၃ ကောင်ကို ကြည့်နေတုန်း ကျားသစ်တကောင်က ကားကိုမြင်သွားကာ ကားဘောနက်ပေါ်ကို ခုန်တက်လာတာလို့ ရုပ်သံမှာ မြင်ရတဲ့ ဟေးရက်စ်က ပြောပါတယ်။ “ကျနော်တို့က ရှေ့က ချီတာတွေကို ကြည့်နေတုန်း နောက်ဘက်နားက တကောင်က ကားနောက်ခန်းကို ခုန်တက်လာပြီး ကျနော်တို့က အန္တရာယ်မရှိဘူးဆိုတာ သေချာအောင် အနံ့ခံတယ်” လို့ မစ္စတာဟေးရက်စ်က ကိုမိုနယူးစ်သတင်းကို ပြောပါတယ်။ သူတို့ရဲ့ဧည့်လမ်းညွှန်က ကျားသစ်နဲ့ မျက်လုံးချင်း မဆိုင်ဖို့နဲ့ တည်တည်ငြိမ်ငြိမ်နေဖို့ ပြောခဲ့ပြီး ခရီးသွား နောက်တဦးဖြစ်တဲ့ ပီတာဟေးစတိန်းက ရိုက်ခဲ့တဲ့ ရုပ်သံထဲမှာ ကားထဲက ချီတာကျားသစ်က အနံ့ခံနေပြီး ခုံအလွတ်တလုံးရဲ့ နောက်မှီကို ကုတ်ခြစ်နေတာတွေ့ရပါတယ်။ သူ ကြောက်နေတာကို ချီတာကျားသစ် မသိသွားဖို့ အသက်ကို ဖြည်းဖြည်းရှူခဲ့ရတယ်လို့ မစ္စတာဟေးရက်စ်က ပြောပါတယ်။ “ရိုးရိုးသားသား ပြောရရင် ဒီတကြိမ်က ကျနော့်ဘဝမှာ ကြောက်စရာအကောင်းဆုံး အချိန်ပဲ ဒီလိုသတ္တဝါတွေက ကိုယ်သက်တောင့်သက်သာ မရှိတဲ့ ဘယ်လိုခံစားချက်မျိုးကိုမဆိုနဲ့ ကြောက်ရွံ့မှုတွေကို သိနိုင်ပြီး သူတို့က တုန့်ပြန်တာ” လို့ မစ္စတာဟေးရက်စ်က ပြောပါတယ်။ နောက်ဆုံးမှာ ချီတာကျားသစ်က ထွက်သွားပြီး ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ “ကားပေါ်ကလူတွေလည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး ချီတာကြီး အဝေး ထွက်သွားတာကို ၁၀ စက္ကန့်လောက် ငြိမ်ကြည့်နေကြတယ်၊ ဒီအဖြစ်က တကယ်ပါ။ ဒီအခြေအနေက လွတ်မြောက်လာတာ ယုံတောင်မယုံနိုင်ဘူး” လို့ ဟေးရက်စ်က ပြောကြောင်း သည်ဆန်းသတင်းမှာ မတ်လ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up