လေ့ကျင့်ရေးလုပ်သည့် ဗုံးသီးကို ရွာသား ၂ ဦးက ထုရိုက်သဖြင့် ပေါက်ကွဲ
DVB
·
March 12, 2018
သပိတ်ကျင်းမြို့နယ်မှာ တပ်မတော်လေ့ကျင့်ရေးလုပ်တဲ့ ဗုံးသီးကို ထုရိုက်ခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက လေ့ကျင့်ပစ်ခတ်စဉ်က မပေါက်ကွဲဘဲ ကျန်နေတဲ့ အီနာဂါ ဗုံးသီး ၄ လုံးကို ကျောက်ဖျာကျေးရွာနေ ဖိုးဇော်နဲ့ တင်သိန်းတို့က ထင်းခုတ်ရာက တွေ့လို့ ယူလာပြီး သစ်ပင်အောက်နားနေတုန်းမှာ ကျောက်ခဲနဲ့ ထုရိုက်လို့ ဗုံးသီး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးစတွေ ထိမှန်လို့ သူတို့နှစ်ယောက်မှာ စိုးရိမ်ရတဲ့ ပေါက်ပြဲဒဏ်ရာတွေရပြီး မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ကုသနေတယ်လို့ ဆိုပါတယ်။
ဗုံးသီးတွေကို သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာအရှေ့မြောက်ဘက်က အမှတ် ၁၃ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း တပ်ဧရိယာ လက်တွေ့လေ့ကျင့်ခန်းလုပ်တဲ့ တိုက်စစ်ကုန်း အခြေရှိ လက်နက်ကြီးကျည်ပစ်တဲ့ နေရာအနားကရခဲ့တာလို့ ထုတ်ပြန်ထားပါ တယ်။
ကျန်တဲ့ ဗုံးသီး ၃ လုံးကိုတော့ တပ်မတော်က သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။