လင်မယား စကားများရာက ဇနီးနှင့် ဖျန်ဖြေသူတို့အား သံတုတ်ဖြင့် ရိုက်သတ်
DVB
·
March 9, 2018
သာစည်မြို့နယ် ယင်းမာပင်ရွာမှာ ဒီနေ့မနက်က လင်မယားချင်းစကားများရာ အရက်မူးနေတဲ့အမျိုးသားက ဇနီးဖြစ်သူနဲ့ လာရောက်ဖျန်ဖြေပေးသူတို့ကို သံတုတ်နဲ့ ရိုက်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ယင်းမားပင်ရွာရဲစခန်းက ပြောပါတယ်။
ယင်းမာပင်ရွာ သုံးဆယ်ရပ်ကွက်နေ အရက်မူးနေတဲ့ ထွန်းဝင်း(ခ)ကိုထွန်းက အသက် ၄၁ နှစ်ရှိ ဇနီးဖြစ်သူ ဒေါ်စိန်မြိုင်နဲ့ စကားများ ရန်ဖြစ်ရာက အရှည် ၂ ပေ၊ လုံးပတ် ၅ မူးခန့်ရှိတဲ့ သံတုတ်နဲ့ရိုက်လို့ သေဆုံးသွားပါတယ်။
ဒါ့အပြင် အိမ်နီးချင်းဖြစ်တဲ့ ဖျန်ဖြေဖို့လာသူ ဦးဖိုးနုတ်ကိုပါ ထပ်ရိုက်လို့ အခင်းဖြစ်နေရာမှပဲ သေဆုံးခဲ့တာပါ။
ယင်းမာပင်ရွာ ရဲစခန်းစခန်းမှူးရဲအုပ်ကျော်မြင့်စိန်က “ဒေါ်စိန်မြိုင် ဘယ်ဘက်ချိုစောင်း ညိုမည်းပေါက်ပြဲတယ်။ ဦးဖိုးနုတ်ကတော့ မေးစေ့နဲ့ နောက်စေ့ ပေါက်တယ်။ နေရာတင် သေဆုံးတယ်။ ယင်းမာပင်တိုက်နယ်ဆေးရုံမှာ စစ်ဆေးဖို့ ပို့ထားတယ်"လို့ ပြောပါတယ်။
ယင်းမာပင်ရွာရဲစခန်းက ထွန်းဝင်းကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)