Home
မြန်မာသတင်း
ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးသည့်အပေါ် တပ်မတော် ကန့်ကွက်
နေဖြိုးဝင်း
·
February 28, 2018
  သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့  ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတိုး တာနဲ့ပတ်သက်ပြီး  တပ်မတော်က ကန့်ကွက်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းဝင်းက ကန့်ကွက်လိုက်တာပါ။ ဒီကော်မရှင်ကို ၂၀၁၆ မတ်လ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တစ်နှစ် သက်တမ်းတိုးမြှင့်ထားတာဟာ ၂၀၁၈ ဖေဖော်ဝါရီ ၂၈ ရက်မှာ သက်တမ်းကုန်ဆုံးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကော်မရှင်ရဲ့ သက်တမ်းကို နောက်ထပ တစ်နှစ်တိုးမြှင့်ဖို့ လွှတ်တော်မှာ တင်ပြပြီး သဘောထားရယူတာမှာ တပ်မတော်က အခုလို ကန့်ကွက်လိုက်တာပါ။ အခုလို ကန့်ကွက်ရတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က လုပ်ရတဲ့ လုပ်ငန်းတွေနဲ့ ကော်မရှင်ရဲ့ လုပ်ငန်းတွေဟာ ရောထွေးနေတဲ့အတွက် ကန့်ကွက်တာ ဖြစ်တယ်လို့ ကန့်ကွက်လိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထွန်းဝင်းက  မီဒီယာတွေကို ပြောပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်း ကော်မတီတွေ၊ ဥပဒေကြမ်းတွေ တင်သွင်းခွင့်ရှိတဲ့အဖွဲ့တွေကပဲ ဒီလွှတ်တော်မှာ လုပ်နေတာပေါ့။ အဲမှာဘာသွားတွေ့ရလည်းဆို ဒီကော်မရှင်အနေနဲ့ လုပ်တဲ့အခါမှာ ဥပဒေကြမ်းတွေကိုပဲ များသော အားဖြင့်ရေးဆွဲနေတယ်။ ပြင်ဆင်နေတယ်။ ပြဌာန်းနေတယ်။ အဲဒါကိုပဲ တင်သွင်းနေ တယ်ဆိုတာကို သွားတွေ့ရပါတယ်။ အဲတွေ့ရတဲ့အခါကျတော့ ဘာဖြစ်လည်းဆို ပြည်သူ့ လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ ပြည်ထောင်စုလွှတ်တော်တွေမှာရှိတဲ့ ဥပဒေကြမ်း ကော်မတီတွေမှာ လုပ်တဲ့ဟာတွေမှာ ရောထွေးနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်နေနဲ့ လက်ရှိ ဒီနေ့သက်တမ်းတိုးတာကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်တွေကသွားပြီး ရောထွေးနေတာ တွေ့ရလို့ ကျနော်တို့ကလည်း ကန့်ကွက်ရတာ” တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲ ၂၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၉ မဲ ဖြစ်တဲ့အတွက် ကော်မရှင်သက်တမ်းတိုးတာကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024