တနှစ်လစာဝင်ငွေ ကျပ်သိန်း ၆၀ အထက်ရမှ ဝင်ငွေခွန်ပေးဆောင်ရန် အကြံပြု
နေဖြိုးဝင်း
·
February 28, 2018
တနှစ်လစာဝင်ငွေကျပ် သိန်း ၆၀ အထက်ရမှ ဝင်ငွေခွန်ပေးဆောင်ဖို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌက အကြံပြုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ ပြည်ထောင်စု ရဲ့ အခွန်အကောက် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီက လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာ တင်သွင်းတာမှာ အခုလို ထည့်သွင်းအကြံပြုတာပါ။
အခွန်ထမ်းပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ အရင်က လစာကနေ တစ်နှစ်အတွင်း ဝင်ငွေသတ်မှတ်ချက် ကျပ် ၄၈ သိန်းအစား ကျပ် ၆၀ သိန်းလို့ ပြောင်းလဲ ပြင်ဆင်သတ်မှတ်သင့်တယ်လို့ ဆိုပါတယ်။
“လစာနဲ့ပတ်သက်ရင် ၄၈ သိန်း ၁ ကျပ်ကစပြီး ဝင်ငွေခွန်ဆောင်ရတယ်။ ၄၈ သိန်းထိ ရတဲ့သူ ဝင်ငွေခွန်ဆောင် စရာမလိုဘူး။ အခုဆိုလို့ရှိရင် လစာဝင်ငွေသိန်း ၆၀ ထိ ရတဲ့သူတွေ ဝင်ငွေခွန်ဆောင်စရာမလိုဘူး။ သိန်း ၆၀ နဲ့ ၁ ကျပ်ရမှ ဝင်ငွေခွန်ဆောင်ရမယ်။ အဲတော့ ပျှမ်းမျှခြင်းပြောရင် တလ လစာ ငါးသိန်းရတဲ့သူတွေ ဝင်ငွေခွန် ဆောင်စရာမလိုတော့ဘူး။ အဲဒါကတော့ ဝင်ငွေခွန်ပေးဆောင်ရမယ့် နှုန်းထားလေးကို မြှင့်ပေးလိုက်တာပေါ့။ ၄၈ သိန်းကနေ သိန်း ၆၀ ကို မြှင့်ပေးလိုက်တာပါ ” လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး အောင်မင်းက ပြောပါတယ်။