တာဝေးပြေး ရန်ပုံငွေရှာခဲ့သည့် ထိုင်းအဆိုတော် ဘတ်ငွေ ၁.၃ ဘီလျံရရှိ၊ ဆေးရုံ ၁၁ ရုံကို လှူဒါန်း

ဓာတ်ပုံ - Kao/Facebook
ကီလိုမီတာထောင်ချီ တာဝေးပြေးပြီး ရန်ပုံငွေရှာခဲ့တဲ့ ထိုင်းနာမည်ကြီး ရော့ခ်စတား အဆိုတော် တွန်းဘော်ဒီဆလမ်ဟာ ခရီးစဉ်ပြီးဆုံးချိန်မှာ အလှူငွေ ဘတ်ငွေ ၁ ဒသမ ၃၇ ဘီလျံ ရရှိခဲ့ပြီး အဲဒီငွေတွေကို ထိုင်းဗဟိုဆေးရုံ ၁၁ ခုကို လှူဒါန်းနိုင်ခဲ့ပါတယ်။ အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုတော့ ဘန်ကောက်မြို့၊ ရော့တ်ဖိုင်ပါ့ခ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီး အဆိုတော်က အလှူငွေ ချက်လက်မှတ်ကို ပေးအပ်လှူဒါန်းခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် အဆိုတော်ဟာ ထိုင်းဆေးရုံတွေမှာ လိုအပ်တဲ့ ဆေးဝါးကိရိယာ ပစ္စည်းတွေကို လှူဒါန်းနိုင်ဖို့အတွက် ကီလိုမီတာ ၂ ထောင်ခရီးကို စတင်ခဲ့တာဖြစ်ပြီး ထိုင်းတောင်ဘက်စွန်း မလေးရှားနယ်စပ်ကနေ မြောက်ဘက်စွန်း မြန်မာနယ်စပ် မယ်ဆိုင်အထိ ခရီးဆက်ကာ အလှူငွေ ကောက်ခံခဲ့တာပါ။ အခုရရှိခဲ့တဲ့ ရန်ပုံငွေဟာ မူလမျှော်မှန်းထားတဲ့ ဘတ်ငွေ မီလျံ ၇၀၀ ထက် ၂ ဆပိုများခဲ့ကာ ဒီရန်ပုံငွေတွေထဲမှာ သူ့ရဲ့ခရီးစဉ်တလျှောက် စီးနင်းခဲ့တဲ့ အားကစားဖိနပ်တွေကို လေလံတင် ရောင်းချရာကနေ ရရှိတဲ့ငွေတွေလည်း ပါဝင်ပါတယ်။ အလှူငွေတွေကိုတော့ ဆေးရုံ ၁၁ ခုရဲ့ကိုယ်စား ဖရာမောင် ကပ်ကလာအိုဆေးရုံမှ ဒါရိုက်တာတဦးဖြစ်တဲ့ နီမစ်ဆမွန်သန်က လက်ခံရယူခဲ့တယ်လို့ ထိုင်းနယူးစ်ဗျူရို သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ အဆိုတော်ရဲ့ ခုလို ပရဟိတစိတ်နဲ့ လှုပ်ရှားမှုအတွက် တနှစ်တာ အကောင်းဆုံးပုဂ္ဂိုလ်၊ အမျိုးသားသူရဲကောင်းလို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သူ့ရဲ့ ဒီအစီအစဉ်မှာ တခြား ထိုင်းနာမည်ကြီးတွေလည်း ပါဝင်ကူညီခဲ့ကြကာ မွေထိုင်းစတား ဘွဲကော် ဘန်ချမက်ခ်လည်း ပါဝင်ခဲ့ပြီး ခရီးစဉ်တလျှောက် ပရိသတ်တွေက သောင်းသောင်းဖျဖျ ကြိုဆိုအားပေးခဲ့ကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up