ရေခဲသေတ္တာထဲ သေဆုံးခဲ့သည့် ဖိလစ်ပိုင်အိမ်အကူအလောင်း ဇာတိမြို့ကို ပြန်ရောက်

ကူဝိတ်နိုင်ငံမှာ သေဆုံးခဲ့တဲ့ ဖိလစ်ပိုင် အိမ်အကူလုပ်သမားရဲ့ အလောင်းဟာ သူ့ဇာတိမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။ ဖိလစ်ပိုင် မြို့တော် မနီလာမှာ ခရီးတထောက် နားအပြီး ဖိလစ်ပိုင် ရွှေ့ပြောင်းအလုပ်သမ ဂျိုအန်နာ ဒေမာဖဲလစ်ရဲ့ အလောင်းဟာ အီလီယိုလိုမြို့ လေဆိပ်ကို ဖေဖော်ဝါရီ ၁၇ ရက်က  ရောက်လာ ပါတယ်။ သူ့ဓာတ်ပုံ ကပ်ထားတဲ့ ရှပ်အင်္ကျီတွေကို ဆွေမျိုးတွေက ဝတ်ထားကြပြီး ဂျိုအန်နာအတွက် တရား မျှတမှုလို့ ရေးထားတဲ့ ပိုစတာတွေကိုလည်း စာနာသူတွေက ကိုင်ဆောင် ထားကြပါတယ်။ ရာနဲ့ချီတဲ့ ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေလည်း အရှေ့ အလယ်ပိုင်း ကူဝိတ်နိုင်ငံကနေ ပြန်လာခဲ့ကြပါတယ်။ “သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်၊ သံသယရှိသူတွေကိုလည်း ရှာနေတယ်။ နိုင်ငံတကာ ရဲတပ်ဖွဲ့ကိုလည်း ဒီအမှုနဲ့ပတ်သက်ပြီး အကြောင်းကြားပြီးပြီ။ တရားမျှတမှုကို ဆက်ရှာမယ်။ ကူဝိတ်အစိုးရက ကျနော်တို့ဆီ တရားမျှတမှုကို ဆောင်ကြဉ်းပေးမယ်လို့ မျှော်လင့်တယ်” လို့ ဖိလစ်ပိုင် နိုင်ငံခြား လုပ်သားများ လူမှုဖူလုံရေး အုပ်ချုပ်မှုရုံး အကြီးအကဲက ပြောပါတယ်။ ဂျိုအန်နာရဲ့ အလောင်းကို အရင်သီတင်းပတ်က ကူဝိတ်နိုင်ငံအတွင်း ရေခဲသေတ္တာထဲမှာ တွေ့ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူဒါတေက ဖိလစ်ပိုင် လုပ်သားတွေ ကူဝိတ်မှာ အလုပ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့ပြီး လုပ်သားအယောက် တသောင်းကျော်ကိုလည်း ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ကူဝိတ်အစိုးရက အစောပိုင်းမှာ ဒူဒါတေရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပြီး အပြန်အလှန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ပြောခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီအမှုကို ဖြေရှင်းပေးမယ်လို့ အသေအချာ ပြောခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျိုအန်နာရဲ့ အလောင်းဟာ မိသားစုရဲ့ အိမ်မှာ သီတင်းပတ် ၂ ပတ်ကြာ ထားပြီးမှ ဈာပန လုပ်မယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up