Coco ဇာတ်ကား အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆု အပါအဝင် ၁၁ ဆု ဆွတ်ခူး

အန်နီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ Coco ဇာတ်ကားဟာ အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆု အပါအဝင် ဆု ၁၁ ဆု ဆွတ်ခူးခဲ့ပါတယ်။ ၄၅ ကြိမ်မြောက် အန်နီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ ရုပ်ရှင်၊ တီဗွီ၊ ကြော်ငြာနဲ့ ဗွီဒီယိုဂိမ်းတွေက အင်နီမေးရှင်းတွေရဲ့ အရည်အသွေးကို အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ပါတယ်။ ချီးမြှင့်ရာမှာ အသံသရုပ်ဆောင်နဲ့ အရုပ်ရေးဆွဲခြင်း အပါအဝင် အမျိုးအစား ၃၆ မျိုးအတွက် ဆုတွေကို ပေးအပ်ပါတယ်။ အဲဒီ ထူးချွန်ဆုပေးပွဲမှာ Coco ဇာတ်ကားဟာ အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆုပေါင်း ၁၁ ဆုကို    ရရှိခဲ့တာပါ။ ဇာတ်ညွှန်းရေးဆရာ မတ်သရူးအဲလ်ဒရစ်ခ်ျက “သဘောကောင်းတဲ့ မက္ကဆီကို လူမျိုးတွေဟာ ကျနော်တို့ကို အိမ်လည်ခွင့်ပြုခဲ့ပါတယ်။ ကျေန်ာတို့ကို ကျွေးမွေးပြီး သူတို့ဇာတ်လမ်းတွေကို ပြောပြတယ်။ သူတို့က ဒီဇာတ်ကားကို မှန်မှန်ကန်ကန်ရိုက်ပေးပါလို့ ပြောတယ်။ ကျေန်ာတို့ရုပ်ရှင်အတွက် ခင်ဗျားတို့ ဂုဏ်ယူမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ပရိုဂျူဆာ ဒါလာကေအန်ဒါဆင်က “Coco ဇာတ်ကားနဲ့အတူ လှပတဲ့နိုင်ငံနဲ့ မက္ကဆီကို ရိုးလာအစဉ်အလာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဇာတ်ကားကောင်းတခုဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကျမတို့ ချစ်မြတ်နိုးတဲ့ စစ်မှန်တဲ့ နေရာဒေသနဲ့ ယဉ်ကျေးမှုကို ပြသခဲ့ပါတယ်” လို့ ဆိုပါတယ်။ ဝေါ့ဒစ္စနေ ရုပ်ရှင်ကုမ္ပဏီရဲ့ ပစ်ဇာအန်နီမေးရှင်း စတူဒီယိုက ထုတ်လုပ်တဲ့ Coco ဇာတ်ကားဟာ ကမ္ဘာတဝှမ်း ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၈၂ သန်းကျော် ရရှိခဲ့ပြီး  မက္ကဆီကိုနိုင်ငံမှာတော့ ရုံတင်ဝင်ငွေ အများဆုံးရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up