Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၃၀၀ ကျော် ထပ်မံထုတ်လုပ်ရန် လိုအပ်နေ
DVB
·
February 2, 2018
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်နေပြီး ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်ထိ တိုးတက်သုံးစွဲနိုင်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံပိုင်မီဒီယာကို ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ  ရေအားလျှပ်စစ်စက်ရုံ ၁၇ ရုံနဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံတို့ကနေ လျှပ်စစ်ဓာတ်အား ၃၁၈၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့အတွက် ၁၃၄၂ မဂ္ဂါဝပ် လိုအပ်မှာဖြစ်လို့ ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ လက်ရှိ  ၂ဝ၁၈ ခုနှစ်မှာ ၃၅၈၇ မဂ္ဂါဝပ်၊ ၂ဝ၁၉ ခုနှစ်မှာ ၄ဝ၃၂ မဂ္ဂါဝပ်၊ ၂ဝ၂ဝ ပြည့်နှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်၊ ၂ဝ၂၁ ခုနှစ်မှာ ၅ဝ၉၂ မဂ္ဂါဝပ်၊ ၂ဝ၂၂ ခုနှစ်မှာ ၅၇၂၇ မဂ္ဂါဝပ်ထိ တိုးတက်လာမယ်လို့ လည်း ခန့်မှန်းထားပါတယ်။ ဒီလိုအပ်ချက်အတွက် ၂ဝ၁၈ ခုနှစ်မှာ စက်ရုံ သုံးရုံက ၄၃၉ မဂ္ဂါဝပ်၊ ၂ဝ၁၉ ခုနှစ်မှာ စက်ရုံ လေးရုံက ၇၅ဝ မဂ္ဂါဝပ်၊ ၂ဝ၂ဝ ပြည့်နှစ်မှာ စက်ရုံ သုံးရုံက ၂၆ဝ မဂ္ဂါဝပ်၊ ၂ဝ၂၁ ခုနှစ်မှာ စက်ရုံ ငါးရုံက ၉၇၁ မဂ္ဂါဝပ်နဲ့ ၂ဝ၂၂ ခုနှစ်မှာ စက်ရုံ ငါးရုံက ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီစဉ်ထားတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီစက်ရုံတွေထဲမှာ ရေအားစက်ရုံတွေက (၁၅ ရာခိုင်နှုန်း)၊ HFO စက်ရုံတွေက (၁၈ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေက (၃ဝ ရာခိုင်နှုန်း)၊ LNG စက်ရုံတွေက (၃၂ ရာခိုင်နှုန်း)၊ Solar စက်ရုံတွေက (၅ ရာခိုင်နှုန်း) ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံရှိ ၄၈၂ မြို့အနက် ဓာတ်အားစနစ်ကနေ မြို့ ၃၅ဝ မီးရရှိပြီး အခြားနည်းလမ်းနဲ့ ကျန် ၁၃၂ မြို့ မီးရရှိထားတယ်၊  ကျေးရွာပေါင်း ၆၃၇၃၇ ရွာ ရှိတဲ့အနက် ၃၂၂၂၈ ရွာ မီးရရှိပြီး ၃၁၅ဝ၉ ရွာ မီးရဖို့ကျန်ရှိနေပါတယ်လို့လည်းဝန်ကြီးကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ  မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၅၈ သန်းထဲက ၁ ဒသမ ၃ သန်း မီးရရှိပြီး သုည ဒသမ၂၈ သန်း မီးရရှိဖို့ ကျန်ရှိသေးသလို ကျေးရွာတွေအနေနဲ့ ၂၁၂၆ ရွာရှိတဲ့အနက် ၁၃ဝ၄ ရွာ မီးရရှိပြီး ၈၂၂ ရွာ ကျန်ရှိနေတယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာတော့ မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၃၂ သန်းရှိတဲ့အနက် သုည ဒသမ ၇ သန်း မီးရရှိ ပြီး သုည ဒသမ ၆၂ သန်း မီးရရှိဖို့ကျန်နေတယ်၊ ကျေးရွာ ၄၈ဝ၇ ရွာ ရှိတဲ့အနက် ၃၇၂၄ ရွာ မီးရရှိပြီး ၁ဝ၈၃ ရွာ ကျန်ရှိနေတယ်လို့ဆိုပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ဓာတ်အားစနစ်က ဖြန့်ဖြူးထားတဲ့ မြို့ပေါင်း ၂၆၉ မြို့၊ ဒီဇယ်၊ အသေးစား ရေအားနဲ့ အခြားစနစ်နဲ့ ဖြန့်ဖြူးထားတဲ့ မြို့က ၁၃ဝ ရှိပါပြီး ကျေးရွာအနေနဲ့ဆိုရင် ၅၆၈ဝ၄ ရွာမှာ ရွာ ၂၇၂ဝဝ ဓာတ်အားရရှိပြီးတော့ ၂၉၆ဝ၄ ရွာဓာတ်အားရရှိဖို့ လိုအပ်နေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ရေအားစီမံကိန်းတွေဖြစ်တဲ့ အထက်ကျိုင်းတောင်း၊ အထက်ရဲရွာ၊ အလယ်ပေါင်းလောင်း၊ ဒီးဒုတ် စီမံကိန်းလေးခုကနေ ၄၉၇ မဂ္ဂါဝပ်၊ ပြည်တွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း [သာကေတ၊ သထုံ၊ မြင်းခြံ၊ ဘဲလင်း GEG၊ မြန်အောင် GEG၊ ရွာမ (WB)] ခြောက်ခုက ၇၉၄ မဂ္ဂါဝပ်၊LNG သုံးစီမံကိန်း (အလုံ၊ ကန်ပေါက်) နှစ်ခုက မဂ္ဂါဝပ် ၁၂၅ဝ၊HFO သုံးစီမံကိန်း [ရန်ကုန် (NIHC)၊ ရန်ကုန် (Karpower)] နှစ်ခုမှ မဂ္ဂါဝပ် ၆ဝဝ နဲ့Solar စီမံကိန်း (မင်းဘူး) တစ်ခုက မဂ္ဂါဝပ် ၁၇ဝတို့နဲ့ စုစုပေါင်း ၃၃၁၁ မဂ္ဂါဝပ်ရရှိဖို့ စီမံလျာထားတယ်လို့ သိရပါတယ်။ စီမံချက်အတိုင်း အကောင်အထည်ဖော်နိုင်မယ်ဆိုရင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ အပြင် ၂ဝ၂၁ မှာ ၄၂၈ မဂ္ဂါဝပ်၊ ၂ဝ၂၂ မှာ ၆၈၈ မဂ္ဂါဝပ်ခန့် Reserve ထားရှိနိုင်မယ်၊ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ လုပ်လာခဲ့တာ မဂ္ဂါဝပ် ၄ဝဝဝ၊ ၅ဝဝဝ လောက်ပဲရပြီး အခု နှစ်နှစ်ခွဲ သုံးနှစ်လောက်မှာ နောက်ထပ် မဂ္ဂါဝပ် ၃ဝဝဝ ရမယ်ဆိုပါက လျှပ်စစ် ဖူလုံစိတ်ချသွားရပြီလို့လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ ဓာတ်ပုံ - MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024