နာမည်ကြီး ထိုင်းအဆိုတော် လိမ်လည်မှုဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
နာမည်ကြီး ထိုင်းအဆိုတော် ရင်ရန်းရော့ဒ်ဘူရန်ဂမ်နဲ့ တခြား ၂ ဦးကို စိုက်ပျိုးရေးကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုမှာ လူတွေကို လိမ်လည်မှုနဲ့ မင်ဘူရီခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သူတို့ကျူးလွန်ခဲ့လို့ တရားစွဲဆိုခံရတဲ့ အမှုပေါင်းများစွာအတွက် မူလထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံရတာကနေ ပြစ်ဒဏ်လျှော့ပေါ့ခဲ့လို့ ထောင်ဒဏ် နှစ် ၂၀ ဖြစ်ခဲ့တာပါ။ အဆိုတော်ရင်ရန်း အပါအဝင် သူတို့ ၃ ဦးဟာ စိုက်ပျိုးရေးကုမ္ပဏီ ၄ ခုမှာ ရင်းနှီးမြှုပ်နှံရင် အမြတ်အစွန်းတွေ အများကြီးပြန်ရမယ်လို့ လူတွေကို သွေးဆောင်ခဲ့တာဖြစ်ပြီး တရားစွဲဆိုခံထားခဲ့ရတာပါ။ တရားစွဲဆိုခံထားရတဲ့ ကုမ္ပဏီတွေနဲ့ လူ စုစုပေါင်း ၁၅ ဦးစာရင်းထဲမှာ သူတို့ ၃ ဦးလည်း ပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူ ၁၃ ဦးက သူတို့ကို တရားစွဲခဲ့တာပါ။ စိုက်ပျိုးရေးကုမ္ပဏီ လေးခုက သန်းခွန်ပဒင်စီရမ်၊ ကာစက်စဘိုင်၊ စုဒ်ရော့ဒ်အိုင်ဒီယာနဲ့ ပါစစ်ပူရီထိုင်းအင်တာ ကုမ္ပဏီတွေဖြစ်ပြီး တရားရုံးက ကုမ္ပဏီတခုစီကို လိမ်လည်မှုအတွက် ဘတ် ၁ သိန်း ၃ သောင်းစီ ဒဏ်ငွေချမှတ်ထားပါတယ်။ အဆိုတော် ရင်ရန်း၊ ပရင်ယာနီလ်ရက်ခွန်း၊ ရစ်သီဝက်ပွန်ဂရာပီမွန်ကိုလ်နဲ့ ကုမ္ပဏီတွေက လူတွေကို လိမ်လည်ဖို့ ရည်ရွယ်ချက်နဲ့ ရင်းနှီးမြှုပ်နှံခြေရှိသူတွေဆီ သတင်းအမှားတွေဖြန့်ပြီး အကွက်ချ လိမ်လည်ခဲ့ကြတာလို့ တရားရုံးက ပြောပါတယ်။ အဆိုတော်ရင်ရန်းကတော့ တရားရုံးရဲ့ အဆုံးအဖြတ်ကို လက်ခံပေမယ့် အသနားခံစာတင်မယ်လို့ ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အဆိုတော်က သူ့အနေနဲ့ ကုမ္ပဏီရဲ့ ထွက်ကုန်တွေအတွက် အရောင်းမြှင့်တင်ရေး လုပ်ပေးခဲ့တာလို့ ပြန်လည်တုံ့ပြန်ခဲ့သလို သူ့ရဲ့ဇနီးသည်ကလည်း သန်းခွန်ပဒင်စီရမ်ကုမ္ပဏီရဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေအတွက် တင်ဆက်သူအနေနဲ့ သူမရဲ့ခင်ပွန်းကို ကုမ္ပဏီက ငှားရမ်းခဲ့တာပဲ ရှိတယ်လို့ ပြောပါတယ်။ အဆိုတော်ရင်ရန်းကို ကုမ္ပဏီက တင်ဆက်သူအဖြစ် ငှားရမ်းတဲ့အတွက် အဆိုတော်ကို အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းနဲ့ ဇနီးသည် မွန်ထာထစ်ပ်ကို ရှယ်ယာ ၅ ရာခိုင်နှုန်းသာ ကုမ္ပဏီက ပေးခဲ့တယ်လို့လည်း ဇနီးဖြစ်သူကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖေဖော်ဝါရီ ၁ ရက်က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up