ဟွန်ဒူးရပ် မူးယစ်မှောင်ခိုမှု ရဲချုပ်ပါဝင်ခဲ့သည့်စွပ်စွဲချက် စစ်ဆေး

ဟွန်ဒူးရပ်စ်နိုင်ငံမှာ မူးယစ်ဆေးဝါး ​၁ တန်ခန့် မှောင်ခိုကုန်ကူးခဲ့ရာမှာ ရဲချုပ်က အကူအညီပေးခဲ့တယ်ဆိုတဲ့ အစိုးရရဲ့ လုံခြုံရေးအစီရင်ခံစာကို စုံစမ်းစစ်ဆေးနေပါတယ်။ အခုဖြစ်ရပ်ဟာ လက်ရှိ ဟွန်ဒူးရပ်စ်ရဲချုပ် ဟိုးဆေးဒါးဗီး ဒါဂီလာ ရဲတပ်ဖွဲ့ထောက်လှမ်းရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ အခုစွပ်စွဲချက်ဟာ ဟွန်ဒူးရပ်စ် အစိုးရရဲ့ လျို့ဝှက်လုံခြုံရေးအစီရင်ခံစာမှာ ဖော်ပြထားတာလို့ ဆိုပါတယ်။ ရဲချုပ် ဟိုးဆေးဒါဗီးဒါဂီယာက ကိုကင်း ပေါင် ၁,၇၀၀ (ကီလို ၇၇၀ လောက်) သယ်ဆောင်လာတဲ့ ထရပ်ကားကို မူးယစ်မှောင်ခိုသမားရဲ့ အိမ်ကို မောင်းနှင်ခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီ မူးယစ်မှောင်ခိုသမား Wilter Blanco ဟာ လက်ရှိ အမေရိကန်နိုင်ငံမှာ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူဖြစ်ပါတယ်။ “သတင်းဆောင်းပါးတခုမှာ သုံးထားတဲ့ အစိုးရလုံခြုံရေးအစီရင်ခံစာ မှန်ကန်တိကျမှုရှိ၊ မရှိနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းအေဂျင်စီအနေနဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ပေးအပ်ဖို့ ကျနော်တို့ အထူးကော်မရှင်က တိုက်တွန်းပါတယ်။ ဒီသတင်းမီဒီယာမှာ ရေးသားထားတဲ့ သတင်းအချက်အလက်ကို ပေးထားပြီးပြီဆိုတော့ ကျနော်တို့အနေနဲ့ ဒီသတင်းမှာ ကိုးကားဖော်ပြတဲ့ အစိုးရစုံစမ်းရေးအစီရင်ခံစာနဲ့ ဟွန်ဒူးရပ်စ်ရဲ့တပ်ဖွဲ့ စစ်ရေးရေးမှူးချုပ်ရဲ့ မော်ကွန်းတိုက်မှာရှိတဲ့ မူရင်းအစီရင်ခံစာ တူ၊ မတူ ဆိုတာကို စစ်ဆေးအတည်ပြုသွားမယ်” လို့ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဆိုင်ရာ အထူးကော်မရှင်အဖွဲ့ဝင် အိုမာရီဗယ်ရာ က ပြောကြားသွားတာပါ။ ဟွန်ဒူးရပ်စ် မီဒီယာတခုရဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားချက်အရ  ရဲအရာရှိငယ်တဦးက မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ ထရပ်ကားကို တားဆီးခဲ့ရာမှာ အဲဒီအချိန်က ရဲတပ်ဖွဲ့ထောက်လှမ်းရေးမှုးချုပ်ဖြစ်တဲ့ ဟိုးဆေးဒါးဗီးဒါဂီလာက သွားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ထရပ်ကားထဲမှာ တင်ဆောင်လာတဲ့ ကိုကင်းတန်ဖိုးဟာ ပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၂၀ တန်ကြေးရှိပါတယ်။ အခုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရဲချုပ်က တစုံတရာပြောကြားတာမျိုးမရှိပါဘူး။ ဟွန်ဒူးရပ်စ်နိုင်ငံဟာ အမေရိကန်အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ အရေးပါတဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up