ဂျပန်တွင် ဒုံးကျည်ဘေးအန္တရာယ် ရှောင်ရှားရေး လေ့ကျင့်မှု ပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဒုံးကျည်ဘေးအန္တရာယ် ရှောင်ရှားရေး လေ့ကျင့်မှုမှာ မြို့ခံ အယောက် ၃၅၀ နီးပါး ပါဝင်လေ့ကျင့်ခဲ့ပါတယ်။ မြောက်ကိုရီးယားကနေ ဂျပန်နိုင်ငံကို ချိန်ရွယ်ထားတဲ့ ဒုံးကျည်တစင်း ပစ်လွှတ်လိုက်တဲ့အခါ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ရေး တိုကျိုမြို့မှာ ဇန်နဝါရီ ၂၂ ရက်နေ့က အစမ်းလေ့ကျင့်ခဲ့ပါတယ်။ ဒါဟာ တိုကျိုမြို့မှာ ပထမဆုံးလုပ်တဲ့ လေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ လူတရာနီးပါးဟာ အပန်းဖြေဥယျာဉ်ထဲမှာ စုဝေးပြီး ဒုံးကျည်ပစ်လွှတ်လိုက်ပြီဆိုတဲ့ ကြေညာချက် မထွက်ခင်အထိ ပန်းခြံထဲမှာ သက်သောင့်သက်သာ နေကြတဲ့ပုံစံ လေ့ကျင့်ခဲ့တာပါ။ ဒုံးကျည်ပစ်လိုက်ပြီဆိုတဲ့ သတိပေးချက် ထွက်လာတဲ့အခါ အနီးက မြေအောက်ဘူတာရုံထဲ ဝင်ပုန်းကြတဲ့ပုံစံ လေ့ကျင့်ခဲ့ပါတယ်။ ရှောင်ပြေးချိန် ၅ မိနစ်ပဲရှိမှာဖြစ်လို့ ငလျင်လှုပ်တာ၊ မိုးသည်းတာ ဖြစ်တဲ့အခါ လမ်းညွှန်ချက် အတိအကျ ရှိမှာမဟုတ်ဘူးလို့ လေ့ကျင့်မှုကို ဦးဆောင်တဲ့ ဂျပန်အစိုးရအရာရှိက ပြောပါတယ်။ ဒါ့ကြောင့် အဲဒီလိုအခြေအနေမှာ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ လေ့ကျင့်မှုမှာ ပါဝင်သူတဦးက “ကျနော်တို့ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိရတဲ့ အခြေအနေမျိုး လေ့ကျင့်မှုပါ။ သတင်းအပြည့်အစုံ မသိရဘဲ ဆူညံသံပဲ ကြားရတာမျိုး။ ဒီတော့ ဘာလုပ်ရမယ်ဆိုတာ သိနေတာမျိုးထက် ဘယ်သွားရမယ်လို့ ပြောတာက ပိုထိရောက်မယ်လို့ထင်တယ်" လို့ ပြောပါတယ်။ ဒီလိုလေ့ကျင့်မှုဟာ အထောက်အကူဖြစ်တယ်လို့ ပါဝင်သူအများစုက လက်ခံကြပေမယ့် ဒီလေ့ကျင့်မှုကို ဆန္ဒပြသူတွေလည်း ရှိနေပါတယ်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ဝင်ဟောင်းတဦးက “အစိုးရကိုယ်တိုင်က ဒုံးကျည်ကျလာပြီလို့ ယူဆပြီး လက်တွေ့မဆန်တဲ့ ဒီလိုလေ့ကျင့်မှုတွေ ဦးဆောင်လုပ်နေကတည်းက အဓိပ္ပာယ်မရှိဘူး” လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်မှာ ဂျပန်နိုင်ငံကို ဖြတ်ကျော်သွားတဲ့ ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ဒါဟာ နိုင်ငံအဆင့် အကျပ်အတည်းလို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up