ဖားကန့်တွင် မြေပြိုသဖြင့် ရေမဆေးရှာသူ ၂ ဦး သေဆုံး၊ ကျန်သူများကို ဆက်လက်ရှာဖွေနေ
DVB
·
January 10, 2018
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ နမ့်မှော်ကျေးရွာအနီးက ဒီနေ့ မနက် ၁၀ နာရီလောက်က မြေစာပုံပြိုကျတဲ့အထဲ ရေမဆေးရှာဖွေသူ ၄ ဦးပါသွားရာ ၂ ဦးရဲ့ အလောင်းကို ရှာတွေ့ထားပြီး ကျန် ၂ ဦးကို ဆက်လက် ရှာဖွေနေပါတယ်။
ဆိုင်းအောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတဦးက “ဘယ်လောက် ပါသွားတယ် ဆိုတာ အတိအကျတော့ ပြောလို့ မရဘူး။ နည်းတော့ နည်းမယ်။ ခါတိုင်း ကားသွန်တဲ့အချိန် ဆိုရင်တော့ များမှာပဲ။ အခုဟာက မြေစာ လာပုံတဲ့အချိန်မှာ ဖြစ်တာ။ ရှာနေကြတာတော့ အများကြီးပဲ။ လောလောဆယ် ၂ လောင်း ဖော်ယူရရှိထားပါတယ်” လို့ ပြောပါတယ်။
ပြီးခဲတဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ဖားကန့်၊ ဘမော်ဝမ်းရပ်ကွက် မော်မောင်းဘွမ် မှော်ရွာအောက်ဘက်မှာရှိတဲ့ ဂျိတ်လင်းကုမ္ပဏီ လုပ်ကွက်မှာ စွန့်ပစ်မြေစာပြိုကျလို့ ရေမဆေး ကျောက်သမား ၆ ဦး သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်မှာ မြေပြိုမှုကြောင့် ရေမဆေးကျောက် တူးဖော်သူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။