မဲဆောက်မြို့လယ်တွင် လူသတ်မှုဖြစ်ပွား
DVB
·
April 27, 2012
မဲဆောက်မြို့လူစည်ကားရာ မြို့လယ်ခေါင် ဈေးအနီး ဧပြီလ ၂၆ ရက်နေ့က လူသတ်မှုတခု ဖြစ်ပွားပြီး ကုန်သည်တဦး သေဆုံးသွားပါတယ်။
အသတ်ခံလိုက်ရသူဟာ ဦးစံသိန်းဖြစ်ပြီး ထိုင်းနိုင်ငံသားခံယူထားတဲ့ ကရင်လူမျိုး တဦးဖြစ်ပါတယ်။ သူဟာ ကျောက်အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး လူသတ်သမားက သူ့ရဲ့ အိပ်ခန်းထဲကို မနက်အစောမှာ လာရောက်လုပ်ကြံခဲ့တာပါ။
လူသတ်သမားဟာ လုပ်ကြံအပြီး အိမ်ခေါင်မိုးပေါ် တက်ပုန်းနေတုန်း ရဲက ဖမ်းမိခဲ့တာဖြစ်ပြီး အခြားတယောက်က ခိုင်းစေလို့ သတ်ရတာ ဖြစ်တယ်လို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။
မဲဆောက်မြို့ရဲ့ လူစည်ကားရာ မြို့လယ်ခေါင်မှာ အခုလို လူသတ်မှုဖြစ်ပွားတာကြောင့် လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ မြို့ခံတွေက သုံးသပ်နေကြပါတယ်။