ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မိုင်နှုန်းပိုမောင်းသည့် ကား ၁၀၀ ကျော် ဖမ်းထား
DVB
·
December 25, 2017
ခရစ္စမတ်အားလပ်ရက်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်း ထက် ပိုမိုမောင်းနှင်တဲ့ ကားအစီးရေ ၁၀၀ ကျော် ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၃နဲ့ ၂၄ ရက်တို့မှာ ဖမ်းမိထားတာဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၀၁) နေပြည်တော် တိုးဂိတ်မှာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်တဲ့ မော်တော်ယာဉ် ၃၆ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်မှာ မော်တော်ယာဉ် ၂၂ စီး၊ တံတားဦး မြို့နယ် စကားအင်း တိုးဂိတ်မှာ မော်တော်ယာဉ် ၁၆ စီး၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်မှာ မော်တော်ယာဉ် ၂၅ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်မှာ မော်တော်ယာဉ် ၂ စီး၊ စုစုပေါင်း ၁၀၁ စီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခါးပတ်မပတ်တဲ့ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးခဲ့ပြီး ဖမ်းမိထားတဲ့ ကားတွေကို ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။