Home
ရုပျသံ
သတင်းမီဒီယာ လွတ်လပ်ခွင့် ကျရှုံးနေပြီလား - အယ်ဒီတာစကားဝိုင်း
DVB
·
December 20, 2017
ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဒီဇင်ဘာ ၁၂ ရက်က ရိုက်တာသတင်းထောက် နှစ်ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သတင်းမီဒီယာလွတ်လပ်ခွင့် ကျရှုံးနေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးမယ့်သူတွေကတော့ Media Lawyer Network အတွင်းရေးမှူး ဦးသန့်ဇော်အောင်နဲ့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အခုဖြစ်တဲ့အမှုပေါ့။ သတင်းထောက် သတင်းထောက်အလုပ် လုပ်တယ်။ တင်ပြဖို့ သတင်း စုဆောင်းတယ်။ လောလောဆယ် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အစွဲဆိုခံထားရတာက အတော်ကြီးတယ်။ ၃ နှစ်ကနေ ၁၄ နှစ်လောက် ထောင်ကျနိုင်တယ်။ ပထမဆုံး မေးချင်တာက ဒီကိစ္စက သတင်းထောက်တွေအတွက် တကယ်တရားစွဲလို့ ရလား။ ဥပဒေအရ တကယ်ရော အပြစ်ရှိလား။ အဲဒါလေး စဆွေးနွေးပေးပါဦ။” ဦးသန့်ဇင်အောင် (အတွင်းရေးမှူး၊ Media Lawyer Network) “စွဲလို့ရလားဆိုတော့ ဒီကိစ္စမှာ ကျနော်သိသလောက်က သတင်းသမားက သတင်းအလုပ်ကို သွားလုပ်တယ်။ သတင်းရေးဖို့အတွက် သတင်းအချက်အလက် သွားယူတာ။ ဒီဟာက သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သူတို့လုပ်တာ။ သတင်းမီဒီယာ ကျင့်ဝတ်တို့၊ ပုဒ်မ ၉(က) နဲ့အညီ ဒါကို အချက်အလက် ပြည့်စုံအောင် စုဆောင်းတယ်လို့ ယူဆတယ်။ အဲဒီအတွက်လုပ်ရင်းနဲ့ ဒါကို လျှို့ဝှက်ဥပဒေနဲ့ စွဲတယ်ဆိုတာ သတင်းသမားတွေ တမင်နစ်နာစေလိုတဲ့ ပုဒ်မတွေနဲ့ စွဲတာကတော့ ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး။ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ပြည်သူက သိရှိပိုင်ခွင့်ကိုလည်း ခြိမ်းခြောက်တာဖြစ်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ ဒါက သူ့အလုပ်သူ လုပ်တာပေါ့နော်။ ဥပဒေအရတော့ သတင်းသမားရဲ့ အလုပ်ကိုတောင်မှ ခြိမ်းခြောက်ပိုင်ခွင့်ရှိတယ်လို့ ပြောသွားတယ်။ ဆရာဇေယျာလှိုင်လည်း သတင်းထောက်တယောက်အနေနဲ့ အခုလိုဖြစ်တော့ သတင်းထောက်တွေကို ဘယ်သူက ကာကွယ်ပေးမှာလဲ။ ဖြစ်တိုင်း ကြည့်လိုက်ရင် စွဲတဲ့ ဥပဒေတိုင်းက အင်မတန်မှ ကြီးတယ်။ အဲဒီတော့ သတင်းမီဒီယာ လွတ်လပ်ခွင့် မြန်မာပြည်မှာ ဘယ်လိုအခြေအနေ ရှိနေတယ်၊ ဒီအမှုမှာရော ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်လဲ ဖြည့်စွက်ဆွေးနွေးပေးပါဦး ဆရာ။” ဦးဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) “သတင်းမီဒီယာဥပဒေမှာ သတင်းစာဆရာတယောက်က သတင်းရေးသားတဲ့အခါမှာ ကျင့်ဝတ်မှာလည်းပါတယ်။ အားလုံး တိကျပြည့်စုံအောင်လို့ အဆုံးစွန်အထိ ကြိုးစားရမယ်ဆိုတာ ပါတယ်။ Check, Recheck, Double Check, Counter Check ပြီးတော့မှ ရနိုင်တဲ့ ရင်းမြစ်မျိုးစုံကနေ ရှာရမယ်လို့ ပါတယ်။ ဒီဖြစ်စဉ်ကို ရိုးရိုးလေးကြည့်ရင် အစိုးရက သတင်းမီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိ စနှိပ်ကွပ်တယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီဥပဒေက ၁၉၂၃ ကတည်းက ဗြိတိသျှကိုလိုနီကနေ အုပ်ချုပ်ခံ ပြည်သူတွေကို နှိပ်ကွပ်ဖို့၊ သူတို့ရဲ့အချက်အလက်တွေကို ပြန်ပြီးသူလျှိုလုပ်မှုကို ကာကွယ်တဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ နှိပ်ကွပ်ဖို့ ထားထားခဲ့တာ။ အဲဒီဥပဒေက အင်္ဂလန်မှာတောင် မရှိတော့ဘူး။ ဗြိတိသျှတွေနဲ့တွေ့ရင် အမြဲတမ်း အပြောခံရတယ်။ မင်းတို့နိုင်ငံက ငါတို့နိုင်ငံရဲ့ Law Museum တဲ့။ သူတို့လုပ်ခဲ့ပြီးတော့ သူတို့နိုင်ငံမှာ မရှိတော့ပေမယ့် အဲဒီဥပဒေက ကျနော်တို့နိုင်ငံမှာ ရှိနေတယ်။ သူတို့ လေ့လာချင်တယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်ကြည့်ရတယ်တဲ့။ ဒါတွေက နှိပ်ကွပ်ဖို့ထားတဲ့ ဥပဒေတွေ။ နောက်တခုရှိသေးတယ်။ ဒီအချက်အလက်ကို လက်ဝယ်ထား တွေ့ရှိရုံနဲ့ ဖမ်းတယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်တွေက နိုင်ငံတော်ကို ထိခိုက်စေမယ့် အချက်အလက်မျိုးတွေ မရေးရဘူးဆိုတာက ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို ဒုက္ခမပေးရဘူးဆိုတာ သတင်းစာဆရာတွေရဲ့ ကျင့်ဝတ်မှာ အမြင့်မားဆုံး စံနှုန်းပဲ။ အဲဒီလို လုပ်မိလို့ ဖမ်းတယ်ဆိုရင် တမျိုးပေါ့။ အခုဟာက အချက်အလက် သေချာတိကျအောင်လို့ ယူလာတဲ့ စာရွက်စာတမ်း လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းတယ်ဆိုတော့ အချက်အလက် တိကျအောင် မလိုက်ရတော့ဘူးလားဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ နောက်တချက် ကျနော် စိတ်မကောင်းတာက လက်ရှိအစိုးရက ကျနော်တို့ပြည်သူများက တင်မြှောက်လိုက်တဲ့ အစိုးရပေါ့။ အားကိုးရမယ်လို့ ထင်လိုက်တဲ့ အစိုးရကိုယ်တိုင်ကိုက ဒီအခြေအနေကို မှန်ကန်အောင် မသုံးသပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီထက်ဆိုးတာက လက်ရှိအစိုးရကို ဒီကနေ အကြံဉာဏ်တခု ပေးချင်တာက သူတို့မှာ သတင်းစီးဆင်းမှု ပြတ်တောက်နေတယ်ဆိုတာ မြင်နေရတယ်ပေါ့နော်။ အစိုးရကို ဘယ်သူတွေက သတင်းအချက်အလက်တွေ ပေးနေလဲ။ အစိုးရက အဲဒီသတင်းအချက်အလက်ပေါ် မူတည်ပြီးမှ ဆုံးဖြတ်ချက်ချရတာကိုး။ လက်ရှိအစိုးရက သတင်းအချက်အလက် အမှားတွေ ရနေပြီလို့ ကျနော်တို့ မြင်နေတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024