Denko ဆီဆိုင်မှ ကားမဲပေါက်သည့် ကံစမ်းမဲလက်မှတ်နှင့်အတူ ယာဉ်မောင်းသူ ပျောက်ဆုံးနေ
DVB
·
December 15, 2017
Denko ဆီဆိုင်မှ ကားမဲပေါက်တဲ့ ကံစမ်းမဲလက်မှတ်နဲ့အတူ ယာဉ်မောင်းသူတဦး ထွက်ပြေး ပျောက်ဆုံးနေတယ်လို့ မုံရွာနယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၁၁ ရက်ညနေက အမှုဖွင့် တိုင်ကြားထားတယ်လို့ ရဲစခန်းမှူး ရဲအုပ်ဆန်းလင်းက ပြောပါတယ်။
မုံရွာမြို့၊ ကန်သာဦးရပ်ကွက်နေ ဦးဝင်းမြင့်အောင်က သူ့ယာဉ်မောင်းဖြစ်သူ မောင်ဇင်ကိုကိုဝင်းကို Denko ဆီဆိုင်မှ ကားမဲပေါက်တဲ့ ကံစမ်းမဲလက်မှတ်တစောင်နဲ့ ကားမောင်းခ ရရှိငွေ ၁ သိန်း ၂ သောင်းကျပ်တို့ကို ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ စွပ်စွဲပြီး အမှုဖွင့်တိုက်ကြားထားတာဖြစ်ပါတယ်။
ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်အောင်က Denko ဆီဆိုင်မှာ သူပိုင် ယာဉ်အမှတ် 5L/3245 HYUNDAI STAREX ဆီဖြည့်တဲ့အခါတိုင်း ကံစမ်းမဲလက်မှတ်တွေ ရရှိခဲ့ပြီး အဲဒီ ကံစမ်းမဲ လက်မှတ်တွေကို သူရဲ့ယာဉ်မောင်းဖြစ်သူ မောင်ဇင်ကိုကိုဝင်းကို ယုံကြည် အပ်နှံထားခဲ့ပါတယ်။
အခုလ ၁ ရက်နေ့က Denko ဆီဆိုင် ကံစမ်းမဲက ယာဉ်အမှတ် 5L/3245 ဟာ ကားမဲပေါက်တယ်လို့ အကြောင်းကြားပါတယ်။ ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်အောင်က Denko ဆီဆိုင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကားမဲပေါက်တာ မှန်ကန်တယ်လို့ သိရပါတယ်။
သူ့ယာဉ်မောင်း မောင်ဇင်ကိုကိုဝင်းကို လိုက်လံရှာဖွေခဲ့ရာမှာ ကန်သာဦးရပ်ကွက်ရှိ မဟူတောင်တန်း ကားဂိတ်မှာ ဦးဝင်းမြင့်အောင် ပိုင်ဆိုင်တဲ့ယာဉ်ကို ရပ်ထားခဲ့ပြီး မောင်ဇင်ကိုကိုဝင်းက ကားမဲပေါက်တဲ့ ကံစမ်းမဲလက်မှတ်နဲ့ ခရီးသည်တင်ခငွေ ၁ သိန်း ၂ သောင်းကျပ်ကို ယူဆောင် ထွက်ပြေးသွားခဲ့လို့ အမှုဖွင့် တိုင်ကြားတာ ဖြစ်ပါတယ်။
အဲဒီအမှုကို မုံရွာနယ်မြေရဲစခန်းက (ပ)၇၅၃/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/ ၄၀၆ အရ ဒုရဲအုပ် အောင်နေစိုးက စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း - ကိုတိုးကြီး(မုံရွာ)