ဂျေရုဆလင်တွင် မငြိမ်မသက်မှုများကြောင့် အစ္စရေးက လုံခြုံရေး တိုးမြှင့်

အမေရိကန် သမ္မတထရမ့်က ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် ကြေညာခဲ့ပြီး တဲ့နောက်  ဂျေရုဆလင်မြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ အစ္စရေးက လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ အစ္စရေးနိုင်ငံရဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားမယ်လို့ ၀န်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ နှောင်းပိုင်းက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို မထွက်ခွာခင်  ဥရောပနိုင်ငံတွေရဲ့  ဝေဖန်မှုနဲ့ပတ်သက်လို့ အခုလို ပြောလိုက်တာပါ။ “ဥရောပဟာ အရေးပါတယ်လို့ ကျနော် မှတ်ယူပါတယ်။ ကျနော်ဥရောပကို လေးစားပေမယ့် သူတို့ရဲ့ မမျှတတဲ့ စံနှုန်းတွေကိုလက်ခံဖို့ အသင့်မဖြစ်ပါဘူး။ သမ္မတထရမ့်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ သူတို့ရဲ့ ရှုတ်ချမှုတွေကို ကြားနေရပေမယ့် ကြေညာချက် ထွက်ပြီးနောက်ပိုင်းမှာ အစ္စရေး နိုင်ငံထဲကို ဒုံးကျည်နဲ့ပစ်တဲ့ကိစ္စကိုတော့ ရှုတ်ချတာ လုံးဝ မကြားရဘူး။ ဒီလို စံချိန် ၂ မျိုးဝါဒကို ကျနော် လက်ခံဖို့ အဆင်သင့် မဖြစ်ပါဘူး။ နောက်ပြီး ဒီအရေးပါလှတဲ့ ဖိုရမ်မှာ အစ္စရေးနိုင်ငံရဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ဂုဏ်သိက္ခာရှိရှိ တင်ပြသွားမှာပါ” လို့ အစ္စရေး ၀န်ကြီးချုပ်နေတန်ယာဟုက ပြောသွားခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ပြင်သစ်သမ္မတ မာခွန်းနဲ့ ဆွေးနွေးဖို့ ပြင်သစ်မြို့တော် ပါရီကို မထွက်ခွာခင် ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up