အဆိုတော် ဂျွန်နီဟယ်လီဒေး၏ ဈာပန ပြင်သစ်သမ္မတ တက်ရောက်

ပြင်သစ် ရော့်ခ်အဆိုတော် ဂျွန်နီဟယ်လီဒေးရဲ့ ဈာပနအခမ်းအနားကို  သမ္မတ မာခွန်းနဲ့ ဧည့်ပရိသတ် ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။ ပြင်သစ် နာမည်ကြီးရော့ခ်အဆိုတော် ဂျွန်နီဟယ်လီဒေးရဲ့ ဈာပနအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး မြို့တော် ပဲရစ်ရှိ အောင်မုခ်ဦးကနေ ပြည်သူ့ရင်ပြင်ရှိရာ လမ်းတလျှောက် မော်တော်ဆိုင်ကယ် အစီး ၇၀၀ နဲ့ လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။ ဒါဟာ ကြုံတောင့်ကြုံခဲ ဂုဏ်ပြုမှုဖြစ်ပြီး လမ်းဘေးဝဲယာမှာတော့ ထောင်နဲ့ချီတဲ့ ဂျွန်နီဟယ်လီဒေး ပရိသတ်တွေဟာ သူ့ကို နောက်ဆုံးခရီးကို နှုတ်ဆက်ခဲ့ကြပါတယ်။ “ကျနော် ဟယ်လီ မော်တော် ဆိုင်ကယ်ကို  စီးပါတယ်။ ကျနော်တို့ချင်း မသိကြပေမယ့် သူ့ကို မိတ်ဆွေ တစ်ယောက်လို ခံစားမိတယ်။ ကျနော်တို့ နှစ်ယောက်ဟာ အယူအဆတူ၊ ၀ါသနာတူဆိုတော့ မိတ်ဆွေတွေ ဖြစ်နိုင်ပါတယ်” လို့ အသက် ၆၀ အရွယ်ဂျွန်နီ့ပရိသတ်တဦးက ပြောခဲ့ပါတယ်။ ဈာပနအခမ်းအနားကို သမ္မတ မာခွန်းနဲ့ သမ္မတကတော်တို့ တက်ရောက်ခဲ့ပြီး သမ္မတက ဂျွန်နီဟယ်လီဒေးနဲ့ ပတ်သက်ပြီး အမှတ်တရ စကားပြောကြားခဲ့ပါတယ်။ “ခင်ဗျားတို့အားလုံး ဂျွန်နီ ပျော်ရွှင်တာ၊ ၀မ်းနည်းတာ၊ အောင်မြင်တာ၊ ကျရှုံးတာတွေကို မြင်တွေ့ခဲ့ရတယ်။ ဂျွန်နီ လူမသိ သူမသိ နေခဲ့ရတာ၊ ပွဲခင်းငယ်လေးမှာ သီဆိုခဲ့တာ၊ ကစားကွင်းကြီးထဲမှာ ဖြော်ဖြေခဲ့တာတွေကိုလည်း ခင်ဗျားတို့ မြင်တွေ့ခဲ့ရတယ်။ သေမင်းနဲ့ ဂျွန်နီ အကြိမ်ကြိမ် စစ်ခင်းခဲ့ရတာတွေကို မြင်တွေ့ခဲ့ပြီး ဂျွန်နီအတွက် ခင်ဗျားတို့ တုန်လှုပ်ခဲ့ရတယ်။ ဂျွန်နီ မြတ်နိုးတာကို ခင်ဗျားတို့ မြတ်နိုးတယ်။ ဂျွန်နီ ဒုက္ခတွေနဲ့အတူ ခင်ဗျားတို့ ရှင်သန်ခဲ့တယ်။ ဂျွန်နီ တစ်ခုခု ဖြစ်တိုင်း ခင်ဗျားတို့ဟာ သူ့အတွက် ရှိခဲ့ပါတယ်။” အသက် ၇၄ နှစ် အရွယ် ဂျွန်နီဟယ်လီဒေးဟာ ဒီဇင်ဘာ ၆ ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဂျွန်နီရဲ့ရုပ်ကလပ်ကို သူ့ရဲ့အပန်းဖြေအိမ်ရှိရာ ပြင်သစ်ပိုင် ကာရေဘီယန်ကျွန်း စိန့်ဘာထဲလမီမှာ မြေမြှုပ်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up