မင်းကင်းတွင် ဖမ်းမိသည့် လင်းယုန်ငှက် မွန်ဂိုးလီးယားကျောင်းသားများ လွှတ်လိုက်ဟု ဆို
DVB
·
December 8, 2017
မင်းကင်းမှာ ဖမ်းမိတဲ့ လင်းယုန်ငှက်ဟာ မွန်ဂိုလီးယားနိုင်ငံ၊ ဇီဝဗေဒတက္ကသိုလ်က သုတေသနကျောင်းသားတွေ လွှတ်လိုက်တဲ့ ငှက်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Wildlife Conservation Society(WCS) နေပြည်တော်ရုံးခွဲက National Landscape Coordinator ဖြစ်သူ ဒေါက်တာ နော်မေလေးသန့်ကို ကိုးကားပြီး အခုလို သတင်းထုတ်ပြန်ခဲ့တာပါ။
လင်းယုန်မှာပါရှိတဲ့ ORNITH LAB ဟာ ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ ဌာနခွဲအမည်ဖြစ်ပြီး INST-BIOL ဟာ ဇီဝဗေဒဆိုင်ရာ တက္ကသိုလ် ဖြစ်တယ်။
အဲ့ဒီ လင်းယုန်ဟာ မွန်ဂိုလီးယားနိုင်ငံရှိ ဇီဝဗေဒတက္ကသိုလ်တခုမှာရှိတဲ့ ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ တက္ကသိုလ်ကျောင်းသားတွေက လွှတ်လိုက်တာ ဖြစ်တယ်။ ကျောင်းသားတွေက လင်းယုန်ငှက် ပျံသန်းနိုင်နှုန်းနဲ့ ရောက်ရှိတဲ့နေရာတွေ သိနိုင်ဖို့ သုတေသနပြုလုပ်တဲ့သဘောနဲ့ လွှတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
လင်းယုန်ငှက် အမျိုးအစားဟာ အေးတဲ့ ရာသီဥတုမှာ နေထိုင်ခြင်းမရှိဘဲ ပူနွေးတဲ့ ရာသီရှိတဲ့ ဒေသတွေကို ပြောင်းရွှေ့ နေထိုင်တတ်တဲ့ အလေ့အထရှိပြီး မွန်ဂိုးလီးယားနိုင်ငံမှာ အခုအချိန် အင်မတန်အေးတဲ့အချိန် ဖြစ်တယ်။ ပူနွေးတဲ့ရာသီရှိတဲ့ ဒေသဘက် ပျံသန်းလာရင်း မြန်မာနိုင်ငံကို ရောက်ရှိ နားခိုတာ ဖြစ်မယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် သာစည်ရွာမှာ ဒီဇင်ဘာ ၅ ရက်က လင်းယုန်ငှက်တကောင် ဖမ်းမိခဲ့တာဖြစ်ပြီး ငှက်ကိုယ်ပေါ်မှာ GPS စာတမ်းပါတဲ့ စက်တပ်ဆင်ထားပြီး ခြေထောက်မှာလည်း အမှတ်စဉ် ၂၇၂ ဆိုတဲ့ သံကွင်းခတ်ထားပါတယ်။
Photo : Ministry of Home Affairs, Myanmar