ဂျေရုဆလင်အရေး နှိုင်းနှိုင်းချိန်ချိန် လုပ်ကြရန် ပုပ်ရဟန်းမင်းကြီးပြော

ဂျေရုဆလင် အရေးကိစ္စကို နှိုင်းနှိုင်းချိန်ချိန် လုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီဇင်ဘာ ၆ ရက်နေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့် အသိအမှတ်မပြုခင် ပုပ်ရဟန်းမင်းကြီးက အခုလို ပြောကြားလိုက်တာပါ။ ဂျေရုဆလင်မြို့ရဲ့ နဂိုရှိဆဲ အခြေအနေကို လေးစားဖို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တိုက်တွန်းလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ “ဂျေရုဆလင်ဟာ ဂျူး၊ ခရစ်ယာန်နဲ့ မွတ်စလင်တို့ အထွတ်အမြတ်ထားရာ ထူးခြားတဲ့မြို့ ဖြစ်ပါတယ်။ မွန်မြတ်တဲ့ အဲဒီမြေ၊ အရှေ့အလယ်ပိုင်းနဲ့ တကမ္ဘာလုံး ကောင်းကျိုးအတွက်  ဂျေရုဆလင်ရဲ့ အဲဒီလက္ခဏာကို ဆက်လက်ထိန်းသိမ်းပြီး အားကောင်းပါစေလို့ ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။” ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကလည်း အမေရိကန်သမ္မတထရမ့်ရဲ့ ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုမယ့်ကိစ္စကို စိုးရိမ်မိတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ နေတိုးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက “သမ္မတထရမ့် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။ ဒါပေမယ့် ကြားရတဲ့ ဒီသတင်းကိုတော့ စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဂျေရုဆလင်ကိစ္စက အစ္စရေး-ပါလက်စတိုင်းတို့အကြား နောက်ဆုံး နှစ်နိုင်ငံ ဆွေးနွေးပြီး ရလာတဲ့ သဘောတူညီမှုရဲ့ တစိတ်တပိုင်း ဖြစ်သင့်တာပါ။ ကျနော်တို့ ဗြိတိန်ကတော့ သံရုံးကို ဂျေရုဆလင်ကို ရွှေ့ဖို့ အစီအစဉ်မရှိပါဘူး” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up