Home
မြန်မာသတင်း
ကျိုက်ထီးရိုးစေတီ ဇုန်ဝင်ကြေး ၄ နှစ်တွင်း ကျပ်သိန်း ၃ သောင်းခန့်ရရှိ
ပိုင်စိုး
·
December 6, 2017
ကျိုက်ထီးရိုးစေတီတော်ကို နိုင်ငံခြားသား ဝင်ရောက်လို့ ကောက်ခံတဲ့ ဇုန်ဝင်ကြေးဟာ ၄ နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းလောက် ရထားတယ်လို့ ပြည်နယ်ဝန်ကြီးက ပြောပါတယ်။ မနေ့က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ရဲ့ မေးခွန်းကို ဖြေရာမှာ ပြောခဲ့တာပါ။ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က "၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ၂၉၆၈၇ ကျော်ရခဲ့တယ်လို့ ပြောပါတယ်။ ဒီငွေတွေကို ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ကောက်ခံပြီး ပြည်နယ် ဘဏ္ဍာငွေထဲကို ထည့်သွင်းတယ်"လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးကုန်းပေါ်က ရေချိုးခန်း၊ အိမ်သာ၊ စားသောက်ဆိုင် စတဲ့ လုပ်ငန်း ၉၄ ခုကနေ ဒီနှစ်အတွက် လိုင်စင်ကြေး ကျပ် ၂၂ သိန်းကျော်၊ တည်းခိုခန်း လုပ်ငန်း ၈ ခုကနေ ဒီနှစ်အတွက် လိုင်စင်ကြေး ကျပ် ၁၀ သိန်းကျော်ကိုလည်း ပြည်နယ် ဘဏ္ဍာငွေကို ထည့်ထားတယ်လို့ သူက ဆိုပါတယ်။ ဈေးဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ တောင်တက်ကားလုပ်ငန်းတွေက ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန်တွေကိုတော့ ပြည်ထောင်စု ဘဏ္ဍာငွေကို ထည့်ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျပ်သိန်းပေါင်း ၂၅၅၀ ရတယ်လို့လည်း ဝန်ကြီးက ဖြေပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို ဇုန်ဝင်ကြေးအဖြစ် အရင်က နိုင်ငံခြားသားတယောက်ကို ၆၀၀၀ ကျပ် ကောက်ခံခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့က စလို့ တယောက်ကို တသောင်းကျပ် တိုးမြှင့် ကောက်ခံခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024