နော်ဝေနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒီဗွီဘီ သီးသန့်တွေ့ဆုံ မေးမြန်းချက် (ရုပ်သံ)

ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (အေဆမ်) မှာ ပါဝင်တက်ရောက်ခဲ့တဲ့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး အိနဲမာရီယဲ အဲရစ်ဆန် ဆော်ရိုင်းဒဲနဲ့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ အဲလိစဘက် ဝေါစထရွမ်းတို့ကို မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဒီဗွီဘီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အိနဲမာရီယဲ အဲရစ်ဆန် ဆော်ရိုင်းဒဲနှင့် တွေ့ဆုံမေးမြန်းချက် မေး - ငြိမ်းချမ်းရေးအကြာင်းနဲ့ စချင်ပါတယ်။ နော်ဝေနိုင်ငံဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ပါတယ်။ တကယ့်ကို တက်တက်ကြွကြွနဲ့ အစိုးရနဲ့ တိုင်းရင်းသားအုပ်စုတွေကို ကူညီပေးနေပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဝန်ကြီး ဘယ်လိုမြင်ပါသလဲ။ ရှေ့ကိုဆက်သွားနေသလား။ ကျေနပ်အားရမှု ရှိပါသလား။ Norway FMနော်ဝေဝန်ကြီး ဖြေ - ဟုတ်ကဲ့။ ပိုပြီးတော့ ရှေ့ဆက်တိုးနေတာကိုပဲ ကျမတို့ မြင်ချင်ပါတယ်။ နောက်ပြီး လူတိုင်း သဘောပေါက်သင့်တာက ဒီလူ့အဖွဲ့အစည်းဟာ ပဋိပက္ခကြုံတွေ့နေရဆဲ လူ့အဖွဲ့အစည်းပါ။ ပဋိပက္ခလွန် လူ့အဖွဲ့အစည်း မဟုတ်ပါဘူး။ တိုင်းရင်းသားအဖွဲ့တွေ အများကြီး၊ ဘာသာရေးအဖွဲ့တွေ အများကြီးကြားမှာလည်း ပဋိပက္ခတွေ ရှိနေဆဲပါ။ ဒီအကြောင်းကြောင့်ပဲ ကျမတို့ မြန်မာပြည်မှာ အကူအညီတွေ စတင်ခဲ့သလို ဆက်ပြီးတော့လည်း ကူညီနေတာပါ။ ဒါကြောင့်ပဲ ကျမတို့ရဲ့ မိတ်ဘက်နိုင်ငံတွေနဲ့ ဆက်ပြီးလက်တွဲနေတာပါ။ ကျမတို့ရဲ့ အရင်းအမြစ်တွေကို ဆက်သုံးပြီးတော့ အကြောင်းအရာစုံ ပရောဂျက်မျိုးစုံအတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းမျိုးစုံအကြား ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက်လည်း သုံးစွဲသွားမှာဖြစ်ပါတယ်။ မေး - နော်ဝေက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အတော့်ကို သန္နိဋ္ဌာန်ချ လုပ်ဆောင်နေတာပဲ။ ဖြေ - ဟုတ်ပါတယ်။ ကျမတို့ လုပ်ဆောင်နေတာ ကြာပါပြီ။ ဆက်ပြီးတော့လည်း ပါဝင်လုပ်ဆောင်သွားမှာပါ။ အထူးအရေးကြီးတာကတော့ ဒီအလုပ်အောင်မြင်ဖို့ ကျမတို့ သန္နိဋ္ဌာန်ချထားတယ် ဆိုတာကို အပြောနဲ့ရော လက်တွေ့ရော လုပ်ဆောင်သွားမှာပါ။ မေး - စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ပြောရရင် နော်ဝေဟာ မြန်မာကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့ပေးနေတာ တွေ့ရပါတယ်။ နော်ဝေနဲ့ မြန်မာဟာ တည်နေရာ နယ်နိမိတ်ချင်း ကြည့်မယ်ဆိုရင် အတော်လေးဝေးပေမယ့် သဘာဝ ဝန်းကျင်အနေအထားအရ ကြည့်မယ်ဆိုရင်တော့ အတော်လေး ဆင်တူပါတယ်။ နော်ဝေလိုပဲ မြန်မာဟာ ရှည်လျားတဲ့ ကမ်းရိုးတန်းရှိတယ်၊ သဘာဝအရင်းအမြစ်တွေလည်း အမြောက်အမြားရှိတယ်။ အဲဒါတွေကို အကာအကွယ်ပေးဖို့လည်း လိုတယ်။ ဘယ်လိုဖွံ့ဖြိုးရေး အကူအညီတွေများ ပေးဖို့ ဆန္ဒရှိလဲ။ ဖြေ - ကျမတို့ နည်းလမ်းမျိုးစုံနဲ့ လုပ်နေပါတယ်။ ပညာရေးလို၊ ကျန်းမာရေးလို၊ လူတွေရဲ့ ကောင်းမွန်တဲ့ဘဝ ရရှိဖို့ အခြေခံလိုအပ်ချက်ပိုင်းကို ဖြည့်ဆည်းပေးနေပါတယ်။ ပိုပြီးတော့ ရေရှည်သဘောဆောင်တဲ့ စွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးကဏ္ဍ၊ နောက်ပြီး ဒီနိုင်ငံကို လာရောက်ကြမယ့် နော်ဝေ စီးပွားရေးလုပ်ငန်းတွေကိုလည်း စတင်ရင်းနှီးမြှုပ်နှံနိုင်အောင် ကူညီပေးနေပါတယ်။ ဒါဟာလည်း ကျမတို့ ပါဝင်ပတ်သက်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲ။ မေး - ဝန်ကြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတော့ ဘာတွေဆွေးနွေးခဲ့ကြသလဲခင်ဗျ။ ဖြေ - အလွန်ကောင်းတဲ့ တွေ့ဆုံမှုပါ။ ကျမတို့နှစ်ယောက်အကြားမှာ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ ကျမပေးခဲ့တဲ့ သတင်းစကားကတော့ မနေ့က အစည်းအဝေးမှာ ကျမပြောခဲ့တာနဲ့ အတူတူပါပဲ။ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ အသေအချာ ရရှိစေဖို့၊ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ဖို့ပါ။  ဒီနှစ်ရက်လုံးလုံး ဥရောပနဲ့ အာရှ နှစ်ခုစလုံးကို ဒီလိုသတင်းစကားပြောရတာကတော့ ကျမတို့ ဒါတွေလုပ်နေတယ်၊ ဒါတွေကူညီနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်နေလို့ပါပဲ။ ကျမတို့ ကူညီချင်တယ်၊ ထောက်ပံ့ပေးချင်တယ်။ ကျမတို့ရဲ့ သတင်းစကားကို သူလည်း ကောင်းကောင်းရမယ်လို့ ယုံကြည်ပါတယ်။ မေး - နောက်ဆုံးမေးခွန်းအနေနဲ့ မြန်မာပြည်သူလူထုတွေအတွက် ဝန်ကြီးရဲ့ သတင်းစကားက ဘာပါလဲခင်ဗျ။ ဖြေ - ကျမတို့ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေအတွက်လည်း ကျမတို့က မိတ်ဆွေတွေဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ ကျမတို့အတွက် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ ဒီကိစ္စတွေအပေါ်မှာ ကာလရှည်ကြာ သန္နိဋ္ဌာန်ချ လုပ်ခဲ့ကြသလို လက်တွေ့လည်း ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း လုပ်သွားမှာပါ၊ အောင်လည်းအောင်မြင်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ အဲလိစဘက် ဝေါစထရွမ်းနှင့် တွေ့ဆုံမေးမြန်းချက် မေး - ဆွီဒင်ရဲ့ ဣတ္ထိယဝါဒအပေါ် အခြေခံတဲ့ နိုင်ငံခြားရေး မူဝါဒဟာ ဆွီဒင်မှာသာမက တကမ္ဘာလုံးမှာပါ ထင်ရှားပါတယ်။ ဒီမူဝါဒရဲ့ အောင်မြင်မှုတွေကိုလည်း အများကြီး တွေ့ရပါတယ်။ ကျနော်သိချင်တာက ဒီမူဝါဒ လုပ်ငန်းစဉ်မှာ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့တယ်၊ ဒီအတွေ့အကြုံကနေ ကျား၊ မ တန်းတူညီမျှမှုနဲ့ ပတ်သက်ပြီး မြန်မာအနေနဲ့ ဘယ်လို လေ့လာသင်ယူနိုင်မလဲ။ Sweden FMဆွီဒင်ဝန်ကြီးဖြေ - ပထမဆုံး ကျမ ရှင်တို့အတွက် ဂုဏ်ယူကြောင်း ပြောပါရစေ။ ၂၅ နှစ်လုံးလုံး လူ့အဖွဲ့အစည်းမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှင်တို့ ပါဝင်ခဲ့ပါတယ်။ ကျမ အဲဒါကို စပြောလိုပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်တို့၊ လွတ်လပ်တဲ့ မီဒီယာတို့ဆိုတာ ဘယ်လို ဒီမိုကရေစီမျိုးအတွက်မဆို လိုအပ်တဲ့ မရှိမဖြစ် အခြေခံအစိတ်အပိုင်းတွေပါ။ နောက်ပြီး ဆွေးနွေး ငြင်းခုံမှုတွေမှာ ပြည်သူတွေ ပါဝင်ဖို့ ဆိုတာလည်း အလွန်အရေးကြီးပါတယ်။ ဣတ္ထိယဝါဒအပေါ် အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒ ဘာလဲဆိုတာကို ပထမဦးဆုံး သရုပ်ခွဲကြည့်ရအောင်ပါ။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရဲ့ ရည်မှန်းချက်ထဲမှာလည်း ကျား၊ မ တန်းတူအခွင့်အရေး ပါတယ်ဆိုတာကို ကျမတို့ သိပါတယ်။ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးနဲ့ အမျိုးသား တန်ဖိုးတူညီမှု၊ တာဝန်ယူမှုနဲ့ အခွင့်အရေး တန်းတူရှိမှုတွေကို အာမခံပေးဖို့ လိုပါတယ်။ ကံအကြောင်း မလှစွာနဲ့ပဲ ဒီနေ့အချိန်မှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိနေပါသေးတယ်။ ဆိုတော့ အမျိုးသမီးတွေဟာ သူတို့မှာ အရည်အသွေးရှိသလောက် အပြည့်အဝ အသုံးမပြုနိုင်ဘူးဆိုရင်၊ အပြည့်အဝ ပါဝင်ခွင့်မရဘူးဆိုရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေမှာ ပိုပြီး အခက်အခဲ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဒီ ကျား၊ မ တန်းတူကိစ္စကို ကျမတို့ နိုင်ငံခြားရေးမူဝါဒရဲ့ ပထမဦးစားပေးအဖြစ် ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီတော့ ကျမတို့က ‘R’ သုံးလုံးနဲ့ အမြဲစစ်ဆေး မှတ်ကျောက်တင်ပါတယ်။ ပထမ ‘R’ က အခွင့်အရေးပါ။ အမျိုးသမီးတွေအနေနဲ့ ဥပဒေကပေးတဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးက ပေးတဲ့ အခွင့်အရေးတွေကို တန်းတူရရှိရပါမယ်။ နောက် ‘R’ တခုက ကိုယ်စားပြုနိုင်စွမ်းပါ။ အမျိုးသမီးတွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းတွေ၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေမှာ ရှိနေသလား။ လွှတ်တော်ထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေ ရှိနေသလားဆိုတဲ့ ကိစ္စပါ။ တတိယ ‘R’ ကတော့ အရင်းအမြစ်တွေနဲ့ဆိုင်တဲ့ ကိစ္စပါ။ အရင်းအမြစ်တွေကို အမျိုးသမီးတွေ လိုအပ်ချက်အတိုင်း ရယူသုံးစွဲနိုင်သလားဆိုတဲ့ ကိစ္စပါ။ ပထမ ‘R’ ကိုတော့ လက်တွေ့စစ်ဆေးနိုင်တယ်လို့ ပြောနိုင်ပါတယ်။ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို ဘယ်လို မျှမျှတတ ပြုမူဆက်ဆံကြသလဲ ဆိုတာကိုပေါ့။ ဆိုတော့ အခု ကျမတို့အနေနဲ့ ရလဒ်ကောင်းတွေကို ပြသနိုင်ပြီလို့ ယူဆပါတယ်။ ကျမတို့ အတွေ့အကြုံ အမျိုးသမီး စေ့စပ်ညှိနှိုင်းရေးမှူးတွေကို လေ့ကျင့်သင်ကြားပေးပါတယ်။ ဒီကိစ္စကို မြန်မာနိုင်ငံကလည်း ပါဝင်မယ်လို့ မျှော်လင့်ပါတယ်။ Nordic နိုင်ငံတွေက အမျိုးသမီး စေ့စပ်ညှိနှိုင်းရေးမှူး ကွန်ရက်ကို ဖြန့်စေလွှတ်ပြီးတော့ အာရှက ကွန်ရက်နဲ့ ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းရေး၊ ကြားဝင်ဆောင်ရွက်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ မေး - ဒီအစည်းအဝေးမှာ အဓိကအကြောင်းအရာက ငြိမ်းချမ်းရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိစ္စပါ။ ဆွီဒင်နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ဆယ်စုနှစ် ၂ စုကျော် ကူညီထောက်ပံ့ပေးနေတာပါ။ အခု မြန်မာနိုင်ငံမှာက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ သွားနေတာ။ ဆိုတော့ ဆွီဒင်ရဲ့ အကူအညီတွေကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအဆင့် တိုးတက်လာတဲ့ Level အတိုင်း တိုးမြှင့်ကူညီသွားဖို့ ရှိပါသလား။ ဆွီဒင်အနေနဲ့ ဘယ်လိုအကူအညီမျိုးတွေ ပေးနေပြီးတော့ နောင်ရော ဘယ်လိုအကူအညီမျိုးတွေ ပေးဖို့ရှိလဲခင်ဗျ။ ဖြေ - ပြီးခဲ့တဲ့နှစ်ဟာ ကျမတို့ရဲ့ ငါးနှစ်ကာလ ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ နောက်ဆုံးနှစ် ဖြစ်ပါတယ်။ ကျမတို့ အကူအညီတွေ ဆက်ပေးမှာပါ။ အထူးသဖြင့် ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို အထူးအလေးပေးပြီး ကူညီဖို့ ရည်ရွယ်ထားပါတယ်။ ကျန်းမာရေးကိစ္စကိုလည်း ဦးစားပေး ကူညီမှာပါ။ ဒါတင်မက မြန်မာလူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီ အခြေခံအုတ်မြစ် တည်ဆောက်ရေးကိုလည်း ကူညီမှာပါ။ နောက်ပြီး လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွားမှုနဲ့ဆိုင်တဲ့ ကျန်းမာရေးကိစ္စကလည်း အလွန်အရေးကြီးပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သားဖွားဆရာမတွေကို လေ့ကျင့်သင်ကြားပေးဖို့ လှုံ့ဆော်ရေးအစီအစဉ်တွေ လုပ်နေပါတယ်။ ဒါတွေဟာ ဆွီဒင်အနေနဲ့ လက်ရှိ အလွန်တက်တက်ကြွကြွ ပါဝင်နေတဲ့ နယ်ပယ်တွေပါ။ ဆက်လက်ကူညီဖို့လည်း ရည်ရွယ်ထားပါတယ်။ နိုင်ငံရေး၊ သံတမန်ရေး အဆက်အသွယ်ကနေတဆင့် အနာဂတ်မှာလည်း ဆက်လက်ကူညီနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျမတို့ရဲ့ကိုယ်စား Nordic ကောင်စီကို ရန်ကုန်မှာ စေလွှတ်ထားပါတယ်။ ကျမတို့အနေနဲ့ ဒီဦးစားပေးနယ်ပယ်အတွင်းမှာ ပရောဂျက်မျိုးစုံကို ကူညီထောက်ပံ့မှုတွေ လုပ်နေပါတယ်။ မေး - ဝန်ကြီးဟာ ဒီမနက်ပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ ပြောပြနိုင်မလား ခင်ဗျ။ ဖြေ - ကျမတို့ အများဆုံး ဆွေးနွေးခဲ့ကြတာက ရခိုင်အကျပ်အတည်းကိစ္စပါ။ လူ သိန်းနဲ့ချီပြီး ထွက်ပြေးသွားတယ်။ သူတို့ဟာ အခု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရှိနေကြတယ်။ တမြန်နေ့ကပဲ ကျမကိုယ်တိုင် ကော့ဘဇားကို ရောက်ခဲ့တယ်။ ဒီကိစ္စက ကျမတို့တွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘာတွေဖြစ်နေသလဲ ဆိုတာကို ကျမတို့ ပိုပြီးနားလည်ဖို့ လိုအပ်တယ်။ နောက်ပြီး တကမ္ဘာလုံးမှာရှိတဲ့ ကျန်တဲ့လူတွေကလည်း ဒီမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို စိတ်ဝင်တစား သိချင်နေကြပါတယ်။ ဒီကိစ္စက ကမ္ဘာပေါ်မှာ ‘ဖြစ်ပွားဆဲ လူသားချင်းစာနာမှုဆိုင်ရာ အကြီးဆုံး အကျပ်အတည်းကြီး’ တခုပါ။ ဆိုတော့ ကျမတို့သိချင်တာက ဒီလူတွေ ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ ပြန်လာလို့ ရမလား။ သူတို့ကို အသိအမှတ်ပြုမှာလား၊ သူတို့ နိုင်ငံသားဖြစ်ခွင့် ရနိုင်သလား။ သူတို့က သူတို့ကိုယ်သူတို့ ‘ရိုဟင်ဂျာ’လို့ ပြောတယ်။ ဘာဖြစ်လို့ ကျမတို့က သူတို့ကို ‘ရိုဟင်ဂျာ’ လို့ မခေါ်နိုင်တာလဲ။ ဆိုတော့ ကျမတို့ ဒီမေးခွန်းတွေ မေးခဲ့ပါတယ်။ နောက်ပြီး တာဝန်ခံမှုကိုလည်း ခိုင်မာအောင်လုပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေရဲ့ နာကျင်ခံစားရမှုကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီကိစ္စက မြန်မာနိုင်ငံကို လာရောက်တဲ့၊ ဒီနိုင်ငံရဲ့ အနာဂတ်ကို အလေးဂရုထားတဲ့ ကျမတို့အလေးထားတဲ့ ကိစ္စပါ။ တချိန်တည်းမှာ ကျမတို့ဟာ အကူအညီပေးနိုင်တဲ့သူတွေ ဖြစ်ချင်ပါတယ်။ ကျမတို့ ဒီကိုလာတာဟာ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီဖို့၊ ဒီအကြောင်းထဲကနေ ရုန်းထွက်ပြီး ရခိုင်ပြည်နယ်အတွက် ငြိမ်းချမ်းတဲ့ အနာဂတ်ကို ရှာတွေ့အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ မေး - လက်ရှိ မြန်မာ့အကူးအပြောင်းကို ဘယ်လိုယူဆပါသလဲ။ ဒီမိုကရက်တစ် အကူးအပြောင်းကိုပေါ့။ အခြေခံဥပဒေမှာ တပ်မတော်က ပါဝင်ပတ်သက်နေပုံတွေ၊ တပ်မတော်က အာဏာနဲ့ လုပ်ပိုင်ခွင့် အများကြီး ရှိနေတာဆိုတော့ လက်ရှိအကူးအပြောင်း ရှေ့ဆက်သွားမယ့်ကိစ္စကို ဘယ်လိုထင်ပါသလဲ။ ဖြေ - ဒီကိစ္စတွေက ကျမတို့လည်း မေးနေတဲ့ မေးခွန်းတွေပါ။ ကျမတို့ ဒီမှာရှိနေချင်တာက ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံဖြစ်အောင် ကူညီပေးချင်လို့ပါ။ သတိထားရမှာက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ၊ လွတ်လပ်စွာ တွေ့ဆုံခွင့်၊ ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ဝေဖန်ပြောဆိုခွင့် နယ်ပယ်တွေကို ချုံ့ပစ်မှာကို သတိထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ဒီမိုကရေစီအတွက် အလွန်အရေးကြီးတဲ့ အရာတွေပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာလည်း အလွန်အရေးကြီးပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေဆဲ ဆိုတော့လေ။ နောက်ပြီး ဒီနိုင်ငံက ယဉ်ကျေးမှုမျိုးစုံရှိတဲ့ နိုင်ငံ။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေတဲ့နိုင်ငံဆိုတော့ ရှေ့ဆက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ စေ့စပ်ဆွေးနွေးတဲ့ နည်းလမ်း၊ ဘာသာအချင်းချင်းကြား၊ ယဉ်ကျေးမှုအချင်းချင်းကြား၊ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းတွေဟာ အရေးကြီးမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေရာမှာ မြန်မာအနေနဲ့ ကိုယ့်နည်းလမ်းနဲ့ ကိုယ်သွားရမှာဖြစ်သလို ကမ္ဘာ့တခြားနိုင်ငံတွေက အတွေ့အကြုံတွေကိုလည်း မျှဝေလက်ခံနိုင်ပါတယ်။ ကျမတို့ကတော့ ထောက်ပံ့ အကူအညီပေးနိုင်ပါတယ်။ ဒီကိစ္စတွေက အခု ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ နိုင်ငံတွေကပေးတဲ့ သတင်းစကားပါ။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up