Home
မြန်မာသတင်း
ဝမ်းတွင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု ပြုလုပ်
DVB
·
November 27, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ တိုးနယားခန်းမမှာ နိုဝင်ဘာ ၂၆ ရက်မနက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ပရဟိတကွန်ရက်နဲ့ ရောင်စဉ်တန်းအဖွဲ့တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ပြုလုပ်တယ်လို့ ပရဟိတကွန်ရက် တာဝန်ခံ ကိုတင်ဆင့်က ပြောပါတယ်။ “ဒီလိုလှုပ်ရှားမှုပွဲမျိုး ဝမ်းတွင်းမြို့မှာ လုပ်တာ ဒါဟာ ပထမဆုံးပါပဲ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ဆိုပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှု ၄ မျိုး ရှိတယ်။ အဲဒီလိုတွေ ဖြစ်နေတာ အခုမှ မဟုတ်ပါဘူး။ ဟိုတုန်းကတည်းက ရှိတယ်။ အမျိုးသမီးတွေမှာ အရှက်နဲ့ လူလုပ်တယ်ဆိုတဲ့ ခံယူချက်ရှိမှန်း သိတော့ အဲဒီအားနည်းချက်ပေါ် အနိုင်ယူ အကြမ်းဖက်ကြတယ်။ အဲဒီလို မဖြစ်အောင် ပွင့်လင်းစွာ ထုတ်ဖော်ပြီး အကြမ်းဖက်သူကို ကြေညာပေးတာနဲ့ အကြမ်းဖက်သူကို အပြစ်ပေး အရေးယူနိုင်မယ်။ ကျန်အမျိုးသမီးတွေလည်း ဆင်ခြင်နိုင်ဖို့ ရဲစွမ်းသတ္တိ ရှိလာစေဖို့အတွက် အခုလို လှုပ်ရှားမှု လုပ်ဖြစ်တယ်”လို့ ပြောပါတယ်။ ရောင်စဉ်တန်းအဖွဲ့တာဝန်ခံ ဒေါ်အိအိချောက “အမျီုးသမီးတယောက် အကြမ်းဖက်ခံရရင် အကြမ်းဖက်သူကို အပြစ်ဆိုရမယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို ဖေးမကူညီရမယ်။ အကြမ်းဖက်ခံရမှုကို ဥပဒေအကာအကွယ်ယူပါ။ မနှစ်သက်မှုကို ထင်သာမြင်သာအောင် တုံ့ပြန်ပါ။ ယုံကြည်ရသူကို ဖွင့်ဟတိုင်ပင်ပါ။ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။ ဒီအချက်တွေနဲ့ တန်ပြန် လုပ်ဆောင်ရမယ်ဆိုတာ အမျိုးသမီးတွေ သိနေရင် အကြမ်းဖက်ခံရတာ လျော့ပါးသွားမယ်။ အဲဒီနောက် ပပျောက်သွားမယ်။ ရောင်စဉ်တန်းအဖွဲ့အနေနဲ့ မန္တလေးမြို့နယ် ၇ ခုမှာတင် အကြမ်းဖက်ခံရမှု အမျိုးမျိုး တလကို ၂၅ မှုလောက် ဖြေရှင်းပေးနေရတယ်။ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးတယ်။ ရပ်ရွာအခြေပြု လူမှုကိစ္စအဝဝကို ကူညီနိုင်ဖို့ နယ်တွေအထိ အရောက်လာပြီး နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာ အသိပညာပေး လှုပ်ရှားမှု လုပ်ဆောင်ပါတယ်”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့ အမျိုးသမီးရေးရာ အဖွဲ့ဝင်တဦးက “အခုလို လာရောက်ပြီး အသိပညာ အတွေးအမြင်ပေးတဲ့ လှုပ်ရှားမှုမျိုး ပထမဆုံး တွေ့ရတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အခွင့်အရေး တန်းတူ ရရမယ်။ အကြမ်းဖက်ခံရခြင်း ကင်းစင်အောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတဲ့ ဗဟုသုတတွေ ရတယ်။ ဒါမျိုး လှုပ်ရှားမှုပွဲတွေ မပြတ်လုပ်ပေးနိုင်ရင် ပိုကောင်းမယ်”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အဓမ္မပြုကျင့်မှု ၂၀၁၆ မှာ ၆ မှု ရှိတယ်။ ၂၀၁၇ အခုလအထိ ၅ မှု ရှိနေပြီလို့ မြို့နယ်ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့က လုပ်တဲ့ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေနဲ့ လူတန်းစား အလွှာအသီးသီး ပါဝင်ပြီး လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024