မြန်မာ့လယ်သမားများအား ကိုးရီးယား ကိုဖီယာ မြန်မာစင်တာမှ လာရောက်တွေ့ဆုံ
DVB
·
November 16, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့နယ်စိုက်ပျိုးရေးသုတေသနခြံမှာ နိုဝင်ဘာ ၁၅ ရက် မနက် ၁၀ နာရီက တောင်ကိုးရီးယားနိုင်ငံ ကိုဖီယာ KOPIA ပရောဂျက်ရဲ့ ပထမဦးဆုံး ဖိတ်ကြားချက်နဲ့ လေ့လာရေးပြန် မြန်မာ့လယ်သမားတွေကို ကိုးရီးယား ကိုဖီယာ မြန်မာစင်တာအဖွဲ့ စကားပြန်အပါအဝင် ၅ ဦး လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ကိုဖီယာစင်တာမှ Dr Kin Dae Su က “မြန်မာ့လယ်သမားတွေကို ၂၀၁၈ ခုနှစ်မှာ စပါး၊ ပဲပုတ်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး၊ အပင်ရောဂါပိုးမွှား နည်းပညာ၊ ချက်ချင်းရိတ်ပြီး အခြောက်ခံ ကြိတ်ခွဲသိမ်းဆည်းနည်းပညာတွေကို ၂ နိုင်ငံ ထာဝရချစ်ကြည်ရေးအတွက် မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် စက်ယန္တရားတွေ စမ်းသပ်တည်ဆောက်ပြီး ကူညီသွားမယ်” လို့ ပြောပါတယ်။
လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာလည်း မိုးညှင်းမြို့နယ် မြိုင်ရွာကျေးရွာမှာ ကိုးရီးယား ပဲပုတ်မျိုးနဲ့ ကိုးရီးယား စိုက်ပျိုးမှုစနစ်နဲ့ သူတို့ကိုယ်တိုင် လာရောက် လက်တွေ့စမ်းသပ် စိုက်ပျိုးမယ်လို့ သိရပါတယ်။
လေ့လာရေးပြန် လယ်သမားတွေနဲ့ တခြားလယ်သမားတွေကလည်း သိလိုတာတွေ မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။
သတင်း - မုန်းမုန်းမင်း