ကျားဖြူပါတီ အမျိုးသားလွှတ်တော် ၁ နေရာ အနိုင်ရဖွယ်ရှိ
နန်းမြနဒီ
·
April 2, 2012
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၃ မဲဆန္ဒနယ်မြေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ ကိုယ်စားလှယ် ၂ ဦး မဲစာရင်းကို ရေတွက်ရာမှာ ပြတ်ပြတ်သားသား မဲမကွာဘဲ ဖြစ်နေပါတယ်။
မနေ့ညပိုင်းက အန်အယ်လ်ဒီပါတီက ဦးစိုင်းမြင့်မောင်က မဲသောင်းဂဏန်းချီပြီး အသာစီးရနေရာကနေ တဖြည်းဖြည်းနဲ့ ဒီနေ့ နေ့လည် ၂ နာရီမှာတော့ ရာဂဏန်းသာ အသာရတော့ပြီး နောက်ထပ်ဝင်လာမယ့် ကျေးရွာတွေက ကျားဖြူပါတီမဲရဖွယ်ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဒု - ဥက္ကဋ္ဌ စိုင်းဆောင်ဆီကတော့ အခုရေတွက်မှု မဲရရှိမှုအတိုင်းဆို သူတို့ပါတီကိုယ်စားလှယ် စိုင်းစံမင်း အနိုင်ရရှိမှာ သေချာနေပြီလို့ ပြောပါတယ်။
အန်အယ်လ်ဒီပါတီ အမတ်လောင်း ဦးစိုင်းမြင့်မောင်ကို မေးကြည့်ရာမှာလည်း သူရရှိတဲ့ မဲစာရင်းဟာ ညက အပြတ်အသတ် နိုင်နေပေမယ့် နောက်ထပ် ၀င်လာတဲ့မဲတွေမှာ ကျားဖြူပါတီက မဲတွေ များလာနေတယ်လို့ ပြောပြပါတယ်။
ဒီနေ့ညနေ ၄ နာရီမှာတော့ မဲအပြီးသတ် ကြေညာနိုင်ဖွယ် ရှိတယ်လို့ ကိုယ်စားလှယ်တွေက ခန့်မှန်း ပြောဆိုပါတယ်။
ဒီဗွီဘီက ရရှိထားတဲ့စာရင်းအရ အမတ်နေရာ ၄၅ နေရာမှာ အန်အယ်လ်ဒီက ၄၀ ကျော် အနိုင်ရရှိထားပါတယ်။