Home
မြန်မာသတင်း
ဂန့်ဂေါ- မုံရွာကားလမ်းတွင် ခရီးသည်တင်ယာဉ်တစီး ချောက်ထဲကျ၊ ၁ ဦးသေဆုံး
DVB
·
October 27, 2017
ဂန့်ဂေါ-မုံရွာကားလမ်း ပုံတောင်ပုံညာအဆင်း ကျောမြို့ဘက်အခြမ်းမှာ အောက်တိုဘာ ၂၆ ရက် ညပိုင်းက ခရီးသည်တင်ယာဉ်တစီး ချောက်ထဲထိုးကျခဲ့ပြီး တဦးသေဆုံးခဲ့ပါတယ်။ ကလေးမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်တစီး အောက်တိုဘာ ၂၆ ရက် ညပိုင်းက ပုံညာတောင်အဆင်း လမ်းခုလတ်မှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့တာပါ။ အခုချောက်ထဲကျခဲ့တဲ့ 1F-4622 ခရီးသည်တင်ယာဉ်ဟာ ရွှေမန္တလာကားအသင်းဝင် ယာဉ်တစီးဖြစ်ပြီး ယာဉ်မောင်း ၂ ဦး၊ ယာဉ်နောက်လိုက် ၂ ဦးနဲ့ ခရီးသည် ၁၄ ဦး၊ စုစုပေါင်း ၁၈ ဦး လိုက်ပါစီးနင်းခဲ့တာပါ။ ကျောရဲကင်းစခန်းမှူး ရဲအုပ်ဝင်းနိုင်ဦးက“ဖြစ်ဖြစ်ချင်းမှာပဲ စပယ်ယာတဦး ဆုံးသွားပါတယ်။ ညတွင်းချင်း စိုးရိမ်ရလူနာ ၃ ဦးကိုတော့ မန္တလေးဆေးရုံကို ပို့ဆောင်ပေးထားတယ်။ အဲဒီအထဲမှာ ၂ နှစ်ခွဲအရွယ် ကလေးတယောက်ပါတယ်။ ကျန်တာကတော့ ကျောဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေပါတယ်” လို့ ဆိုပါတယ်။ ချောက်ထဲကျခဲ့တဲ့ ခရီးသည်တင်ယာဉ်ရဲ့ ဂိတ်တာဝန်ခံ ဦးကုလားကလည်း လူနာတွေကိုတော့ ကျောဆေးရုံမှာ ပို့ထားတဲ့အကြောင်းနဲ့ ယာဉ်နောက်လိုက်တဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အခုလို ဆောင်းဦးရာသီမှာ ပုံတောင်ပုံညာလမ်းအနေနဲ့ မြူနှင်းတွေ အုပ်ဆိုင်းနေလေ့ရှိပြီး ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်နိုင်လို့ ခရီးသည်တင်ယာဉ်တွေအနေနဲ့ အရှိန်ထိန်း မောင်းနှင်ကြဖို့ လိုအပ်နေပြီး ယာဉ်လိုင်းတွေ သတ်မှတ်ဂိတ်အဝင် အချိန်တွေကိုလည်း အနည်းငယ် နောက်ဆုတ်သတ်မှတ်ဖို့ လိုအပ်တယ်လို့ ယာဉ်မောင်းဟောင်းတချို့က ပြောပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024