မြန်မာအမျိုးသား လေကြောင်းလိုင်း လေယာဉ် အရေးပေါ် ပြန်ဆင်းသက်ခဲ့ရ
DVB
·
October 27, 2017
မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစီးဟာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို မနေ့ညက အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။
ခရီးသည် ၉၅ ဦး စီးနင်းလိုက်ပါလာတဲ့ ခရီးစဉ်အမှတ် UB202 လေယာဉ်ဟာ မနေ့ညပိုင်း ၇ နာရီကျော်လောက်က စစ်တွေလေဆိပ်ကနေ ရန်ကုန်ကို ပျံသန်းလာစဉ် လေယာဉ်မောင်းခန်းထဲ လေတိုးဝင်လာလို့ စစ်တွေလေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့ရတာပါ။
လေယာဉ်ဦးပိုင်း တံခါးငယ်မှာ ချို့ယွင်းချက်ရှိတာကြောင့် ခုလို ပြန်လည်ဆင်းသက်ခဲ့ရတာလို့ လေကြောင်းလိုင်းက ခုလို ထုတ်ပြန်ထားပါတယ်။
“UB202 စစ်တွေ/ရန်ကုန်, Embraer 190 သည် စစ်တွေမှ ပြန်တက်အပြီး ၁၅ မိနစ်ခန့်တွင် Pressurization စနစ် မကောင်းသဖြင့် လေယာဉ်မှူးမှ စစ်တွေလေဆိပ်သို့ ပြန်လည် ဆင်းသက်ပြုပြင်ခဲ့ရတယ်။ ပြုပြင်ပြီး စိတ်ချရမှုရှိမှ ရန်ကုန်ကို ပြန်လည်ထွက်ခွာနိုင်ခဲ့တယ်။ အခု ဖြစ်စဉ်မှာ လေယာဉ်ထိပ်ပိုင်းက avionics စနစ်တွေ စစ်ဆေးရာမှာ အသုံးပြုတဲ့ တံခါးငယ် (avionics window) မှာ အပြစ်ဖြစ်နေတယ်ဆိုတာ ရှာဖွေတွေ့ရှိ ပြုပြင်ပြီး ဖြစ်တယ်”လို့ ထုတ်ပြန်ထားပါတယ်။
စစ်တွေလေဆိပ်မှာ လေယာဉ်ကို ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ည ၉ နာရီကျော်မှာ လေယာဉ်ဟာ ရန်ကုန်ကို ပြန်လည်ထွက်ခွာသွားပေမယ့် ခရီးသည် ၃၀ ကျော်လောက်ကတော့ စိုးရိမ်စိတ်ကြောင့် လေယာဉ်ပေါ်ကို ဆက်လက်လိုက်မပါသွားခဲ့ပါဘူး။
လေယာဉ်ကတော့ ရန်ကုန်လေဆိပ်ကို ည ၁၀ နာရီကျော်လောက်မှာ ပြန်လည်ဆိုက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ - စံမြတ်ရွှေ