Homeမြန်မာသတင်း
မြိတ်မြို့တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
မြိတ်မြို့တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
DVB
·
October 11, 2017
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၁၁ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့ရပါတယ်။
မြိတ်မြို့၊ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ အဆိုပါဟောပြောပွဲကို မြိတ်ခရိုင်ထဲက လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက “အသိပညာပေး ဆွေးနွေးပွဲတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျမတို့အနေနဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေသာမက ကလေးငယ်တွေပါ တက်ရောက်နားထောင်သင့်ပါတယ်။ အခု ကမ္ဘာပေါ်မှာအသက် ၃ နှစ်အရွယ်လောက်ကစပြီး မိန်းကလေးငယ်တွေမှာ လုံခြုံစိတ်ချရမှု မရှိတော့တဲ့ အနေထား ဖြစ်လာတယ်။ အကြောင်းရင်းကို သုံးသပ်ကြည့်တော့ အနေနီးစပ်တယ်၊ ဆင်းရဲမွဲတေမှုကြောင့် မိဘတွေက ဝမ်းစာရေးကို အားထည့်လုပ်နေရတဲ့အတွက် ကလေးသူငယ်တွေကို ကြည့်ရှုစောင့်ရှောက်မှု အားနည်းသွားတယ်။ ယုံကြည်မှု လွန်ကဲတာ၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲမှုတွေကြောင့် အသိပညာ အားနည်းသွားတဲ့အခါမှာ ဒီလို ဖြစ်စဉ်မျိုး ဖြစ်သွားတာပါ”လို့ ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး အမှုဖြစ်ပွားမှု များပြားတဲ့ မြိတ်ခရိုင်ထဲမှာ အသိပညာပေး ဟောပြောမှုတွေ လုပ်နေပေမယ့် အခုထိ ဖြစ်ပွားနှုန်း လျော့ကျသွားတာ မရှိသေးဘူးလို့ သိရပါတယ်။
ဒေသခံတဦးဖြစ်သူ ဦးအောင်သန်းက “သက်ငယ်မုဒိမ်း ဖြစ်ရခြင်း အဓိကအကြောင်းအရင်းက ဆင်းရဲမွဲတေမှုနဲ့ ပညာမတတ်မှုတွေကြောင့် ဖြစ်တယ်။ ဒါက ကျနော့်အမြင်ပါ။ တခြားသူတွေနဲ့လည်း အမြင်တူချင်တူပါလိမ့်မယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ကလည်း ကျောင်းသားတွေနဲ့ နေ့စဉ် မိဘတွေထက် ထိတွေ့ချိန် ပိုများတော့ အသိပညာပေးတာတွေ လုပ်ပေးသင့်တယ်။ သင်ရိုးညွှန်းတမ်းမှာ မပါဘဲ အပြင်မှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေ အများကြီးပါ။ ကလေးသူငယ်ကို ကာကွယ်စောင့်ရှောက်တာက မုဒိမ်းမှု တခုတည်း မဟုတ်ပါဘူး။ တခြားဥပဒေပိုင်းတွေ အများကြီးပါ။ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့ လိုပါလိမ့်မယ်”လို့ ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိမှုတွေလည်း ရှိသလို ထွက်ပြေး လွတ်မြောက်မှုတွေလည်း အများအပြားရှိနေပါတယ်။ တရားစီရင်ရာမှာ ထိရာက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ ဒေသခံတွေက တောင်းဆိုမှုတွေ ပြုလုပ်ထားလည်း ရှိတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)