Homeမြန်မာသတင်း
သံလွင်မြစ်ကူး တာဆန်းကြိုးတံတား ကျောက်စီနံရံ ပြိုကျပြီး တံတားကြံ့ခိုင်ရေး စိုးရိမ်ဖွယ်ရှိနေ
သံလွင်မြစ်ကူး တာဆန်းကြိုးတံတား ကျောက်စီနံရံ ပြိုကျပြီး တံတားကြံ့ခိုင်ရေး စိုးရိမ်ဖွယ်ရှိနေ
DVB
·
October 11, 2017
ရှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား တာဆန်းကြိုးတံတား ကြံ့ခိုင်မှု အခြေအနေ စိုးရိမ်ရတယ်လို့ မိုင်းတုံမြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား တာဆန်းကြိုးတံတားမှာ မနေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မိုင်းတုံမြို့နယ်ဘက်ခြမ်းက တံတားဆိုင်းကြိုးခုံကို ထိန်းပေးထားတဲ့ ကျောက်စီမြေထိန်းနံရံ ပြိုကျပျက်စီးပြီး တံတားကြံ့ခိုင်ရေးအခြေအနေ စိုးရိမ်ဖွယ်ရာ ရှိနေတယ်လို့ မိုင်းတုံမြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးထိန်ဝင်းက ပြောပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ ညဦးပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တံတားအရှေ့ဘက်ကမ်းရှိ ဆိုင်းကြိုးခုံကို ထိန်းပေးတားတဲ့ ကျောက်စီနံရံ အလျားပေ ၃၀၊ အနံပေ ၆၀ ခန့် အောက်တိုဘာလ ၁၁ ရက် မနက် ၆ နာရီခန့်မှာ မိုးရေတိုက်စား ပြိုကျပျက်စီးခဲ့ပြီး လတ်တလော အခြေအနေအရ ယာဉ်ငယ်တွေသာ သွားလာနိုင်ပြီး ယာဉ်ကြီးတွေ သွားလာမှု ရပ်ဆိုင်းထားရပါတယ်။
သံလွင်မြစ်ကူးတံတား တာဆန်းကြိုးတံတားကို ၁၉၉၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး အလျား ၉၀၀ ပေ၊ အနံ ၂၉ ပေ ရှိကာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ပေးထားတဲ့ အဓိကတံတားတစင်းလည်း ဖြစ်ပါတယ်။
အဆိုပါပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ဖို့ တံတားအထူးအဖွဲ့ ၁၂ ကို ဆက်သွယ်ပြီး ဆောင်ရွက်နေဆဲဖြစ်တယ်လို့ မိုင်းတုံမြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာမြို့ပြရုံးက သိရပါတယ်။
သတင်း - အောင်ဇေယျ