ရေကြည်မြို့နယ်တွင် လမ်းဘေးကွမ်းယာဆိုင်များကို ညအချိန် လိုက်လံမီးရှို့မှု ဖြစ်ပွား
DVB
·
October 10, 2017
ဧရာဝတီတိုင်း ရေကြည်မြို့နယ် တောင်လယ်ကျေးရွာအုပ်စုအတွင်းက လမ်းဘေး ကွမ်းယာဆိုင်တွေကို အောက်တိုဘာလ ၉ ရက်နေ့ မနက် ၂ နာရီလောက်က လိုက်လံမီးရှို့မှု ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရပါတယ်။
တောင်လယ်ကျေးရွာအုပ်စုအပိုင် အောင်ဝိဇ္ဇာ ဆန်စက်ဝင်းရှေ့မှာရှိတဲ့ ကွမ်းယာဆိုင် ၃ ဆိုင်ကို ဖောက်ထွင်းမီးရှို့မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီမီးရှို့မှုကြောင့် ကွမ်းယာဆိုင်တဆိုင်မှာ အားလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ပြီး အခြားတဆိုင်မှာတော့ ကြမ်းခင်းနဲ့ တံခါးတွေ လောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။
သုံးဆိုင်မြောက်ကို မီးရှို့ဖို့ ပြင်ဆင်နေစဉ် ပတ်ဝန်းကျင်ကလူတွေ သိရှိခဲ့တာကြောင့် မီးရှို့သူတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးခင်မောင်လတ်က “မီးရှို့ခံရတဲ့ ဆိုင်တွေဟာ လမ်းဘေးမှာ မသုံးတော့တဲ့ ကွမ်းယာဆိုင်အဟောင်းတွေ ဖြစ်တာကြောင့် ကာယကံရှင်တွေက ထိခိုက်နစ်နာမှု သိပ်မရှိလို့ အမှုမဖွင့်ချင်ကြတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ကတော့ တကယ်မီးရှို့တာ သေချာရင် စုံစမ်းဖော်ထုတ်လို့ရအောင် အမှုဖွင့်ခိုင်းထားတယ်”လို့ ပြောပါတယ်။
ကွမ်းယာဆိုင်တွေ မီးလောင်မှုကို ရေကြည်မြို့နယ် မီးသတ်တပ်ဖွဲ့က လာရောက် မီးငြှိမ်းသတ်မှု ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်က သိလို့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတဲ့ မီးရှို့သူတွေဟာ လူငယ် ၂ ဦးဖြစ်တယ်။ မနက်ဖြန် ဆရာစံရပ်ကွက်ကို ဆင်းမယ်လို့ ပြောဆိုနေတာတွေ ကြားခဲ့တယ်”လို့ ဒေသခံတွေက ဆိုပါတယ်။
မီးရှို့ခံရမှုအတွက် ပျက်စီးဆုံးရှုံးမှု မများပေမယ့်လည်း အလားတူဖြစ်ရပ်မျိုးတွေ ထပ်ပြီးမဖြစ်ပွားစေဖို့အတွက် ရဲတပ်ဖွဲ့ကနေ စုံစမ်းဖမ်းဆီးနိုင်ဖို့ အမှုဖွင့်ဖို့ ကွမ်းယာဆိုင် ပိုင်ရှင်တွေကို ရဲတပ်ဖွဲ့ကနေ တိုက်တွန်းထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်
သတင်း - မြမင်းဦး(ပုသိမ်)