ဂျူဗလီဟောနေရာတွင် ဟိုတယ်နှင့် ဈေးဝယ်စင်တာများ သတ်မှတ်ချက်အတိုင်း ဆောက်ရမည်

ရန်ကုန်စစ်သမိုင်းပြတိုက် (ဂျူဗလီဟောနေရာဟောင်း) နေရာမှာ ဆောက်လုပ်မယ့် စီမံကိန်း အဆောက်အအုံတွေကို စည်ပင်သာယာရေးကော်မတီရဲ့ သတ်မှတ်အထပ် အမြင့်အတိုင်းပဲ ဆောက်လုပ်ရမယ်လို့ ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ ဒဂုံမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင် တပ်မတော်စစ်သမိုင်းပြတိုက်နေရာမှာ ဟိုတယ်နဲ့ ဈေးဝယ်စင်တာတွေ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် အောက်တိုဘာ ၃ ရက်က ရန်ကုန်တိုင်း လွှတ်တော်မှာ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။ ဒီနေရာဟာ ရွှေတိဂုံဘုရားနဲ့ နီးတဲ့အပြင် ဘေးပတ်ဝန်းကျင်မှာလည်း ဘာသာရေး အဆောက်အအုံတွေပဲ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီမှာ တင်ပြတုန်းက ၈ ထပ်အထိ ဆောက်လုပ်မယ်ဆိုတဲ့အတွက် ဒါဟာ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားတဲ့ မြို့ပြအိမ်ရာ စီမံကိန်းဆိုင်ရာ အချက်အလက် စည်းကမ်းတွေနဲ့ ကိုက်ညီလားလို့ မေးမြန်းခဲ့တာပါ။ ဝန်ကြီးက “အမှန်တကယ် ဆောက်ရင်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားတဲ့ အထပ်သတ်မှတ်ချက်နဲ့ လိုက်လျောညီထွေအောင် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်လို့ ကျနော် နားလည်ထားပါတယ်” လို့ ဖြေပါတယ်။ စီမံကိန်းမြေဧရိယာက ၉ ဧကကျော် ရှိတဲ့ ဒီစီမံကိန်းတွေကို ၂၀၁၃ ခုနှစ်ကပဲ ခွင့်ပြုခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာလည်း ပြင်ဆင် ခွင့်ပြုထားတယ်လို့ သူက ပြောပါတယ်။ ဒီစီမံကိန်းတွေအတွက် ပထမခွင့်ပြုတုန်းက အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၈ သန်းဖြစ်ပြီး နောက်ထပ် ခွင့်ပြုထားတာကတော့ အမေရိကန်ဒေါ်လာ သန်း ၃၂၀ (မြန်မာကျပ်ငွေ သန်းပေါင်း လေးသိန်းခွဲခန့်) ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up