ညစ်ညမ်းမက်ဆေ့ခ်ျ ပေးပို့မှုဖြင့် အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်းကို ထောင်ဒဏ်ချ

ဓာတ်ပုံ - ရိုက်တာ
အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်ဆီ ညစ်ညမ်းမက်ဆေ့ခ်ျ ပေးပို့မှုနဲ့ အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်းကို စက်တင်ဘာ ၂၅ ရက်နေ့က ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သူ့အမှုဟာ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သက်ရောက်မှုရှိခဲ့တဲ့ ကျော်မကောင်း ကြားမကောင်းမှုလည်း ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မန်ဟန်တန်မြို့က ခရိုင်တရားသူကြီးက စီရင်ချက်ချမှတ်ချိန်မှာ အသက် ၅၃ နှစ်အရွယ် ဝေးနာက ချက်ချင်း ငိုခဲ့တာပါ။ အသက်မပြည့်သေးတဲ့ လူငယ်ကို ညစ်ညမ်းမက်ဆေ့ခ်ျတွေ ပို့တဲ့အတွက် အပြစ်ရှိကြောင်း သူက မေလမှာ ဝန်ခံခဲ့ပါတယ်။ ဘယ်ပြစ်ဒဏ်စီရင်ချက်ကိုမှ အယူခံ၊ အသနားခံမှာ မဟုတ်ကြောင်းလည်း သဘောတူခဲ့ပါတယ်။ ထောင်ကျခံမယ့်အစား အာမခံနဲ့နေဖို့ အယူခံဝင်မလားလို့ သူ့ရှေ့နေတွေက မေးရာမှာ သူဟာ မထိန်းချုပ်နိုင်တဲ့ စိတ်ကျန်းမာရေးကြောင့် လုပ်ခဲ့မိတာဖြစ်လို့ ကုသမှုခံယူခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကာရိုလိုင်းနားပြည်နယ် အထက်တန်းကျောင်းသူနဲ့ အပြန်အလှန် ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို စုံစမ်းစစ်ဆေးခဲ့တာပါ။ သူ့ရဲ့ဇနီးသည် ဟူမာ အာဘေဒင်ဆီကရတဲ့ သူ့ခရီးဆောင်ကွန်ပျူတာကနေ အီးမေးလ်တွေကို အာဏာပိုင်တွေက တွေ့ခဲ့ပါတယ်။ သူ့ဇနီးသည်ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဟီလာရီ ကလင်တန်ရဲ့ လက်ထောက်လည်း ဖြစ်ပါတယ်။ အာဘေဒင်ကတော့ ကွာရှင်းဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဒီအီးမေးလ်တွေ့ရှိမှုဟာ ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးဖြစ်ချိန် ကိုယ်ပိုင်အီးမေးလ်ဆာဗာ အသုံးပြုမှုကို ပြန်စစ်ဆေး အမှုဖွင့်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဝေးနာဟာ နယူးယောက်မြို့ ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀၁၃ မှာ နယူးယောက်မြို့တော်ဝန် ဖြစ်လာပြီး ဒီအမှုကြောင့် လူသိရှင်ကြား ဖြစ်ခဲ့လို့ ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up