Home
ဆောင်းပါး
မြောက်ကိုရီးယားဒုံးကျည် သူများနိုင်ငံကျော်ပစ် စမ်းသပ်နေမှုနဲ့ သူ့ချည်ခင်
DVB
·
September 26, 2017
မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ကျနော် ဆောင်းပါးအတော်များများ ရေးခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့တပတ်ကျော်က “မြောက်ကလေးရဲ့ ဆန့်ထုတ်လိုက်တဲ့လက်တံ” ဆောင်းပါးမှာ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းပေါ်က ကျော်ပြီး တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည်တလုံး ပစ်ခတ်စမ်းသပ်တာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံ ပြည်သူတွေ ထိတ်လန့်ပုန်းအောင်းဖို့အထိ ဖြစ်ခဲ့တာတွေနဲ့ နိုင်ငံတကာက ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းက ကန့်ကွက်သတိပေးခဲ့ရတာတွေ ဖြစ်ခဲ့ရတာကို ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကျနော့ရဲ့ ဆောင်းပါးဖော်ပြပြီးလို့ မကြာခင် သီတင်းပတ်ကာလ ရက်ပိုင်းအတွင်းမှာပဲ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုတခုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာ လက်နက်ကျွမ်းကျင်သူ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ တခါ အဲဒီလို ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ပြီးလို့ သီတင်းပတ် ၂ ပတ်မပြည့်ခင်မှာပဲ နောက်ထပ် တာလတ်ပစ် ပဲ့ထိန်း တိုက်ချင်းပစ်ဒုံးကျည်တစင်းကို ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းပေါ်က ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ပစ်လွှတ်စမ်းသပ်ခဲ့ပြန်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်ခေါ်ယူပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ဒီလို ရန်စပစ်ခတ်စမ်းသပ်မှုတွေအတွက် ပိုပြီးပြင်းထန်တဲ့ နိုင်ငံတကာ အရေးယူ အပြစ်ပေးမှုတွေလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာတွေကိုလည်း စာဖတ်သူတွေ သိထားပြီးဖြစ်ပါတယ်။ ဒီ နောက်ဆုံး ဒုံးကျည်ပစ်ခတ်စမ်းသပ်မှု အပြီးမှာတော့ အမေရိကန်ပြည်ထောင်စု သမ္မတက အမေရိကန်နိုင်ငံနဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို ဒီလိုပဲ ဆက်ပြီး ခြိမ်းခြောက်ပစ်ခတ်နေဦးမယ်ဆိုရင်တော့ ကြီးမားတဲ့ စစ်ရေးအရ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဒုတိယကမ္ဘာစစ်ပြီးခါနီး အချိန်မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ် ကြဲချခဲ့တဲ့ အဏုမြူဗုံးထက် ၅ ဆ လောက် ပိုပြီးအင်အားပြင်းထန်တဲ့ နျူကလီးယားဗုံးကို စမ်းသပ်ပစ်ခတ်အပြီးမှာ အဲဒီလို သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တပ်မှူးကြီးတွေက ညနေခင်း တင်ပြဆွေးနွေးမှုကို အမေရိကန်သမ္မတနဲ့ ပြုလုပ်ခဲ့ကြတဲ့အချိန်မှာ မြောက်ကိုရီးယားကို ကိုင်တွယ်နိုင်ဖို့ စစ်ရေးရွေးချယ်စရာအားလုံးကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို အမေရိကန်တပ်မှူးကြီးတွေ သမ္မတနဲ့ ဆွေးနွေးပြောဆိုအပြီးမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မက်တစ်စစ်က သမ္မတအိမ်ဖြူတော်ရှေ့ကို ထွက်လာပြီး ဒီလို မြောက်ကိုရီးယားကို ချောက်ချားစရာကောင်းတဲ့ သတိပေးမှု ပြောကြားခဲ့တာဖြစ်ပါတယ်။ သူက အာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်းအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ခုလို သတိပေးထုတ်ပြန်လို့ရနိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံကို အလုံးစုံ ပျက်သုဉ်း နိဂုံးချုပ်ပေးနိုင်တဲ့စွမ်းအား ရှိနေတယ်ဆိုတာကို သတိထားသင့်တယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက “အမေရိကန်ပြည်ထောင်စုကို ဒါမှမဟုတ် ဂူအန်ကျွန်းနဲ့ သူ့ရဲ့နယ်နိမိတ်တွေ၊ မဟာမိတ်တွေအပေါ် ခြိမ်းခြောက်လာမှုတခုခု လုပ်လာပြီဆိုရင်တော့ ထိရောက်ပြီး အလုံးစုံလွှမ်းခြုံ ရှင်းပစ်လိုက်နိုင်တဲ့ ကြီးမားတဲ့ စစ်ရေးအရ တုံ့ပြန်မှုကို ရင်ဆိုင်ရပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။ သူက ကင်ဂျုံအန်းဟာ ကုလသမဂ္ဂရဲ့ တညီတညွတ်တည်း ထုတ်လိုက်တဲ့အသံကို ဂရုစိုက် အလေးပေးသင့်တယ်လို့လည်း ထည့်သွင်းပြောကြားသွားခဲ့တာ တွေ့ရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ မြောက်ကိုရီးယားရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေဟာ အလွန်ရန်လို အန္တရယ်များတယ်လို့ ရေးသားခဲ့ပါတယ်။ သမ္မတက “မြောက်ကိုရီးယားဟာ သူ့ကိုကူညီဖို့ ကြိုးစားနေပေမယ့် နည်းနည်းပဲ အောင်မြင်မှုရခဲ့တဲ့ တရုတ်နိုင်ငံကိုတောင် စိတ်အနှာင့်အယှက်ဖြစ်အောင်နဲ့ တကယ်ခြိမ်းခြောက်လာနေတဲ့နိုင်ငံ ဖြစ်လာနေပါပြီ” လို့လည်း ပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေက မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံး ဥပဒေနဲ့ဆန့်ကျင်တဲ့ စမ်းသပ်မှုအပေါ် စစ်ရေးအရ တုံပြန်ဖို့ ပြင်ဆင်နေပါသလားဆိုတဲ့ မေးခွန်းကိုတော့ သမ္မတ ထရမ့်က အတိတ်နိမိတ်မကောင်းလှတဲ့ “ကျနော်တို့ ကြည့်သေးတာပေါ့” လို့ ပြန်ပြောကြားသွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမယ့် သူ ထပ်ပြောတာက “အမေရိကန်ပြည်ထောင်စုက တခြားရွေးချယ်စရာတွေအပြင် မြောက်ကိုရီးယားနိုင်ငံနဲ့ စီးပွားကူးသန်းလုပ်နေကြတဲ့ နိုင်ငံအားလုံးရဲ့ ကုန်သွယ်ရောင်းဝယ်မှု အားလုံးကို ရပ်ဆိုင်းပစ်လိုက်ဖို့လည်း စဉ်းစားနေပါတယ်” လို့ ပြောသွားတဲ့အတွက် စစ်ရေးအရ အရေးယူတုံ့ပြန်ဖို့ ဆုံးဖြတ်ထားတာတော့ မဟုတ်သေးဘူးလို့ ပြောလို့ရနိုင်ပါတယ်။ တကယ်တမ်းမှာတော့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မြောက်ကိုရီးယားနိုင်ငံကို လုံးဝ ဖျက်ဆီးနှိမ်နင်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို သဘောမတူနိုင်ကြပါဘူး။ ဂျပန်နိုင်ငံကဆို မြောက်ကိုရီးယားကို သူ့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှတ်စေနိုင်ဖို့ နိုင်ငံတကာက တညီတညွတ်တည်း စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းဖိအားပေးကြဖို့ တိုက်တွန်းပြောဆိုလိုက်သလို နောက် အဓိကမဟာမိတ်နိုင်ငံတခုကလည်း သမ္မတ ဒေါ်နယ်ထရမ့်ကို စစ်ရေးအရ ဖျက်ဆီးပစ်တဲ့အထိ အရေးယူမှုမလုပ်ဖို့ တိုက်တွန်းတားဆီးခဲ့ပါတယ်။ ကျနော် ရှေ့ဆောင်းပါးမှာ တင်ပြခဲ့သလို တကယ်လို့ မြောက်ကိုရီးယားက နားကိုက်လို့ ပါးပြန်ကိုက်သလို တုံ့ပြန်တိုက်ခိုက်မယ်ဆိုရင် အရင်ဆုံး တိုက်ခိုက်ခံရဖို့ အန္တရာယ်ရှိနေတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေအနေနဲ့ အမေရိကန်က သူတို့နိုင်ငံတွေကို အဲဒီလို မြောက်ကိုရီးယားရဲ့ တိုက်ခိုက်လာမှုတွေက တကယ်တန်း အချိန်မီ အပြည့်အဝ အကာအကွယ်ပေးနိုင်ပါ့မလား ဆိုတာကို စိုးရိမ်စိတ် ရှိနေကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ “ဒီခြိမ်းခြောက်မှုရဲ့ လေးနက်မှုက အရင်က မကြုံဖူးပါဘူး” လို့ ပြောကြားရင်း နိုင်ငံတကာကို လွန်ခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေကို အပြည့်အဝ အကောင်အထည် ဖော်ပေးကြဖို့ကိုပဲ မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။ သူက “မြောက်ကိုရီးယားနိုင်ငံမှာ ရှိနှင့်ပြီးတဲ့၊ ရှိနေပြီဖြစ်တဲ့ နျူကလီးယားလက်နက်တွေဟာ ဟိုက်ဒရိုဂျင်ဗုံးတွေ ဖြစ်လာခါနီးဆဲဆဲ အနေအထားကို ရောက်နေသလို အနှေးနဲ့အမြန်ဆိုသလို အဲဒါတွေကို တိုက်ချင်းပစ် ဒုံးကျည်တွေမှာ တပ်ဆင်ပစ်ခတ် တိုက်ခိုက်နိုင်လာတော့မယ်” လို့လည်း ထည့်သွင်းပြောကြားသွားခဲ့တာ တွေ့ရပါတယ်။ သူက အမေရိကန်ပြည်ထောင်စုရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်က မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရေးအတွက် ကူညီထောက်ပံ့မှုပေးရေး အစီအမံဟာ မအောင်မမြင် ဖြစ်ခဲ့တာကိုလည်း ပြန်လည်ပြောဆိုခဲ့ပြီး “ဆွေးနွေးပြောဆိုတာမဟုတ်ဘဲ ဖိအားပေးဖို့” ကိုသာ နိုင်ငံတကာက ညီညီညွတ်ညွတ် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ နိဂုံးချုပ် မေတ္တာရပ်ခံ တိုက်တွန်းသွားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို မတက်ရောက်ခဲ့တဲ့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်လ်ကလည်း ဂျာမန်အသံလွှင့်ဌာနတခုကို သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက သူ့နိုင်ငံနဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို မဖြစ်မနေ အကာအကွယ်ပေးရမယ့် အနေအထား ရောက်လာရင်တော့ မြောက်ကိုရီးယားနိုင်ငံကို တိုက်ခိုက်ဖျက်ဆီးပစ်ရလိမ့်မယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုကို လုံးလုံး သဘောမတူနိုင်တဲ့ အကြောင်း အင်္ဂါနေ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူက အရေးယူပိတ်ဆို့မှုတွေကို အင်ပြည့်အားပြည့် လုပ်ကြရမှာဖြစ်ပြီး စစ်ရေးအရ အရေးယူဖို့ ဆုံးဖြတ်ချက်ကတော့ တကယ့်ကို မသင့်လျော် မမှန်ကန်ပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် ဒုတိယသမ္မတ မိုက်ခ်ပင့်စ်ကတော့ လိုအပ်လာရင် အမေရိကန်ပြည်ထောင်စုက စစ်အင်အားကို အသုံးပြုဖို့ လိုလိုလားလားရှိတဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ “တကယ်လိုပ ကျနော်တို့ကိုယ်တိုင်အတွက်နဲ့ ကျနော်တို့ မဟာမိတ်တွေကို မဖြစ်မနေ ကာကွယ်ဖို့ လိုအပ်လာပြီဆိုရင်တော့ ကျနော်တို့က ထိရောက်သလို အပြတ်အသတ်ဖြစ်နိုင်တဲ့ စစ်အင်အားကို သုံးရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကို အလေးအနက်မထား မစဉ်းလို့လည်း မဖြစ်နိုင်ပါဘူး။ ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ထပ်တိုးချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေကို အပြည့်အဝ ဝိုင်းဝန်းအကောင်အထည်ဖော်တဲ့ နည်းလမ်းကိုပဲ အသုံးပြုရမယ့် အနေအထားမှာ ရှိပါတယ်။ အဲဒီနည်းလမ်းကို သုံးတာဟာသာ စစ်မက်ဖြစ်ပွားလာမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်မှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံတွေက အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တန်ဖိုးထားလေးစားရာ ကျပါလိမ့်မယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။     ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024