ကလိုင်ထဲကျသွားသည့် ခွေးကလေးအား အသက်ကယ်ခဲ့သည့် မိခင်ခွေးမကြီးရုပ်သံ ရေပန်းစား

ထိုင်းတောင်ပိုင်းက မြို့တမြို့မှာ ကားလမ်းအောက် ကလိုင်ထဲကျသွားတဲ့ ခွေးကလေးရဲ့ အသက်ကို ကြိုးစားကယ်တင်ခဲ့တဲ့ မိခင်ခွေးမကြီးရုပ်သံ ထိုင်းလူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ ကမ္ဘာမြေရဲ့ သတ္တဝါချစ်သူလို့ အဓိပ္ပာယ်ရတဲ့ Loveนะสัตว์โลก အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်က စက်တင်ဘာ ၂၅ ရက်က တင်ထားတဲ့ ကြာချိန် ၃ မိနစ်ခွဲရှိ ဗွီဒီယိုထဲမှာ ခွေးမတကောင်ဟာ ကားလမ်းဘေးက ဗွက်ရေတွေကို လက်နဲ့ယက်ထုတ်နေပြီး  လူတယောက်က ရေတွေ ခပ်ထုတ်ကူညီပေးခဲ့ပုံကို တွေ့ရပါတယ်။ ရေတွေကုန်သွားတဲ့အခါ အဲဒီခွေးမဟာ ကလိုင်အောက်ထဲ ဝင်သွားပြီး ပြန်ထွက်လာတော့ ရေတွေရွှဲစို မေ့မျောနေတဲ့ ခွေးကလေးတကောင် ကိုက်ချီလာခဲ့တာ တွေ့ရပါတယ်။ မေ့မျောနေတဲ့ အဲဒီခွေးလေးကို အိမ်ထဲခေါ်လာပြီး လျှာနဲ့လျက်ကာ ပြုစုပေးနေသလို ခွေးသခင်ကလည်း ကူညီပြုစုပေးတဲ့အတွက် မကြာမီ ခွေးကလေး အသံပေးပြီး သတိပြန်လည်လာခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ ခွေးမကြီးက ခွေးလေးတကောင် ကယ်ဆယ်တဲ့ပုံကိုသာ ရိုက်ပြထားပေမယ့် ရေထဲကျသွားတဲ့ ခွေးကလေး စုစုပေါင်း ၃ ကောင်ရှိကာ ၃ ကောင်လုံး အသက်ရှင်ခဲ့ကြောင်း၊ ဗွီဒီယိုရိုက်ယူစဉ် မင်မိုရီကတ်ပြည့်သွားတဲ့အတွက် တကောင်ကယ်တဲ့ပုံပဲ ရလိုက်ကြောင်း ရိုက်ကူးသူက ကွန်းမန့်မှာ ပြန်ရှင်းပြထားပါတယ်။ ရင်သွေးတွေရဲ့ အသက်ကို စွန့်စားကယ်တင်ခဲ့တဲ့ အဲဒီ မိခင်ခွေးမကြီးရဲ့ မေတ္တာတရား ကြီးမားပုံကို လူတွေက ချီးမွမ်းထောပနာ ပြုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up