Live
Home
မြန်မာသတင်း
မလှိုင်မြို့နယ် ကျောက်တန်းလမ်းပေါ်တွင် Hijet ဆီသယ်ကားငယ် ၁ စီး မီးလောင်
DVB
·
September 25, 2017
မလှိုင်မြို့နယ် ကျောက်တန်းလမ်းပေါ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က Hijet ဆီသယ်ကားငယ် ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကံကွင်းအုပ်စု မုန်ပင်ရွာအရှေ့ဘက် ကျောက်တန်းလမ်းပေါ်က ဆီဆိုင်မှာ စက်တင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခွဲလောက်က Hijet ဆီသယ်ကားငယ်ရဲ့ တိုင်ကီထဲကို ပလတ်စတစ်ပုံးနဲ့ ထည့်ထားတဲ့ အောက်တိန်းဆီ ၅ ဂါလန် လောင်းထည့်ရာက မီးလောင်မှု ဖြစ်ခဲ့တာပါ။ ကားငယ်တိုင်ကီထဲမှာ အောက်ခံဆီ ၂၅ ဂါလန် ရှိနေပြီး ပလတ်စတစ်ပုံးထဲက ဆီကို ကတော့နဲ့ လောင်းထည့်ရာက ပွတ်တိုက်မှုကြောင့် မီးလောင်တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။ မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်က "ဆီဂါလန် ၃၀ နဲ့ Hijet ကား ၁ စီး မီးလောင်တယ်။ အချိန်မီ မီးငြှိမ်းသတ်နိုင်တယ်၊ တခြားကို မီးမကူးပါဘူး။ ဆုံးရှုံးတန်ဖိုး ၂၀၉၀၀၀၀ ကျပ် သင့်တယ်။ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေအရန် ၂၂ ဦးနဲ့ ရေဂါလန် ၁၆၀၀ သုံးပြီး မီးငြှိမ်းလိုက်တယ်” လို့ ပြောပါတယ်။ မလှိုင်မြို့မရဲစခန်းက Hijet ယာဉ်မောင်း ကိုဖုန်းကျော်ကို မီးလောင်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024