Home
မြန်မာသတင်း
ရဲထံမှသေနတ်လုခဲ့သည့် မူးယစ်တရားခံ သေနတ်ကျည်ဆန် ထိမှန်
DVB
·
September 23, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နားမားကျေးရွာမှာ မူးယစ်တရားခံကို ဖမ်းစီးစဉ် တရားခံမှ ရဲဆီက သေနတ်ကိုယူခဲ့ရာ ကျည်ထွက်ပြီး တရားခံကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၁ ရက်မနက် ၃ နာရီက နားမားရဲစခန်းမှ ဒုရဲအုပ် ဆုဝေနဲ့အဖွဲ့ဟာ နမ်းခမ်းရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့နဲ့ ရပ်ကွက်တွင်း ကင်းလှည့်နေချိန် မေတ္တာပေါင်းကူး တံတားအနီး မသင်္ကာဖွယ်ရာလူ ၂ ဦးကို စစ်ဆေးဖို့ကြိုးစားရာမှာ တံတားအောက်ဝင်ပုန်းနေလို့ ဝင်ရောက်ဖမ်းဆီးရင်း အခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ၀င်ရောက်ဖမ်းဆီးရာမှာ လုံးထွေး သတ်ပုတ်မှုဖြစ်ခဲ့ပြီး ရဲဒုတပ်ကြပ်ဝင်းတင့်ရဲ့ အမ် ၂၂ အမျိုးအစား သေနတ်ကို လုယူရာမှ ကျည် ၁ ချက်ဖောက်ထွက်ပြီး လုံးထွေးသူ ဝင်းစိုးဦးရဲ့ ဝမ်းဗိုက် ယာဘက် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။ တရားခံ နှစ်ဦးမှာ ခိုင်ထူးနဲ့ ဝင်းစိုးဦး တို့ဖြစ်ပြီး ဝင်းစိုးဦး ဝတ်ဆင်ထားတဲ့ အားကစားဘောင်းဘီတို နောက်အိပ်ကပ်ထဲက ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါမှုန့် အလေးချိန် ၀ ဒသမ ဝ၁ ဂရမ်နဲ့ ဘိန်းရည်သုတ်လိမ်းထားတဲ့ ခပ်ပုံ ၁ လုံး အလေးချိန် ၁ ဒသမ ၀၂ ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရှိသူ ဝင်းစိုးဦးကို နားမားတိုက်နယ်ဆေးရုံက တဆင့် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ထားပြီး သူတို့ ၂ ဦးကို နားမားရဲစခန်းက မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024