အဓမ္မပြုကျင့်ခံရပြီး ကလေးမွေးခဲ့ရသည့် ၁၀ နှစ်သမီးအမှု နောက်ထပ် ဦးလေးဖြစ်သူကို ဖမ်းဆီး

ဓာတ်ပုံ - Getty Images
အိန္ဒိယနိုင်ငံမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံရလို့ ကိုယ်ဝန်ရှိပြီး ကလေးမွေးဖွားခဲ့တဲ့ ၁၀ နှစ်သမီးရဲ့အမှုမှာ နောက်ထပ် ဒုတိယမြောက်ဦးလေးဖြစ်သူကို အဓမ္မပြုကျင့်မှုနဲ့ ထပ်မံဖမ်ဆီးလိုက်ပါတယ်။ အခုထပ်မံဖမ်းဆီးခံရသူဟာ ၁၀ နှစ်သမီးကို အဓမ္မပြုကျင့်မှုနဲ့ အစောပိုင်းက ဖမ်းဆီးထားတဲ့ ဦးလေးဖြစ်သူရဲ့ ညီဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ မှုခင်းဆေးစစ်မှုက ကလေးရဲ့ ဒီအန်အေနဲ့ ပထမဦးဆုံး ဖမ်းဆီးခံထားရတဲ့ ဦးလေးဖြစ်သူရဲ့ ဒီအန်အေ မကိုက်ညီတာကို ဖော်ထုတ်သိရှိပြီးနောက် ဒုတိယသံသယရှိသူကို ရဲတွေက စတင်ရှာဖွေခဲ့တာလို့ ဆိုပါတယ်။ ပထမသံသယရှိသူ ဦးလေးကိုလည်း အချုပ်ခန်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ ကလေးပြုစုစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပြီး အမှုကနေ လွှတ်မပေးသေးဘဲ ကလေးသူငယ်တွေကို မတရားပြုကျင့်တဲ့အမှုတွေနဲ့ အထူးတရားရုံးမှာ တရားရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ၁၀ နှစ်သမီးလေးက ရဲတွေ၊ နှစ်သိမ့်ဆွေးနွေးသူတွေနဲ့ စကားပြောပြီး ဒုတိယဦးလေးရဲ့အမည်ကို ဖော်ထုတ်လိုက်တဲ့အတွက် စက်တင်ဘာ ၁၉ ရက် ညနေမှာ ဒုတိယဦးလေးဖြစ်သူကို ဖမ်းဆီးခဲ့တာပါ။ “၃၈ နှစ်အရွယ် ဦးလေးကလည်း သူမကို မတရားပြုကျင့်ခဲ့ကြောင်း ကလေးက ပြောတယ်” လို့ ချန်ဒီဂါမြို့က အကြီးတန်းရဲအရာရှိ အမျိုးသမီး နီလမ်ဘာရီဗီဂျေးက ဘီဘီစီကို ပြောခဲ့ပြီး ဦးလေးအငယ်ဖြစ်သူရဲ့ ဒီအန်အေ နမူနာကို စစ်ဆေးဖို့ ခွင့်ပြုချက်ရအောင် ရဲတွေက ကြိုးစားနေကြောင်း သူမက ပြောခဲ့ပါတယ်။ ၁၀ နှစ်သမီး ကလေးမလေးဟာ ဇူလိုင်လလယ်မှာ သူမ ဗိုက်အောင့်ကြောင်း မိဘတွေကို ပြောရာမှ မိဘတွေက ကလေးကို ဆေးရုံခေါ်သွားချိန်မှာ ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ရတာပါ။ ကလေးမရဲ့ကိုယ်ဝန်က ဖျက်ချဖို့ အရမ်းအန္တရာယ်များလို့ ချန်ဒီဂါမြို့ တရားရုံးနဲ့ နောက်ပိုင်းမှာ အထက်တရားရုံးကပါ ကိုယ်ဝန်ဖျက်ချခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ကလေးမက ကိုယ်ဝန်ရှိတာကိုတောင် မသိဘဲ သူမ ဗိုက်ဖောင်းနေတာက သူမအစာအိမ်ထဲမှာ ကျောက်တုံးရှိနေတာလို့ အထင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လက မွေးဖွားတဲ့ကလေးကိုလည်း ကလေးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး အာဏာပိုင်တွေ မွေးစားဖို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ကလေးမလေးက ပထမဖမ်းဆီးခံထားရတဲ့ အသက် ၄၀ ကျော်ဦးလေးဖြစ်သူဟာ ပြီးခဲ့တဲ့ ၇ လအတွင်း သူမကို အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတွေနဲ့ ကလေးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တွေကို အစောပိုင်းက ပြောခဲ့ပါတယ်။ သူမရဲ့ အဓမ္မပြုကျင့်ခံရမှုကို ဖော်ပြတဲ့ အဲဒီဦးလေးဖြစ်သူရဲ့ အမည်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဗွီဒီယိုလင့်နဲ့ပါ ရုံးတော်မှာ သက်သေခံခဲ့တာပါ။ ပထမစွပ်စွဲဖမ်းဆီးခံရသူ ဦးလေးဟာ တရားစွဲမှုကို မငြင်းခဲ့ဘူးလို့ ကလေးမရဲ့ဖခင်က ပြောလိုက်ပြီး အမှုကို ဦးလေးဖြစ်သူက ဝန်ခံခဲ့တယ်လို့လည်း ရဲတွေက ပြောပါတယ်။ ဒါပေမယ့် ဒီအန်အေစစ်ဆေးမှု ထွက်ပေါ်လာပြီးတဲ့နောက် ကလေးနဲ့ ပထမဦးလေးဖြစ်သူရဲ့ ဒီအန်အေ မကိုက်ညီလို့ ရဲတွေက နောက်ထပ်သံသယရှိသူတွေကို ထပ်မံရှာဖွေခဲ့တာဖြစ်ပြီး ဒီအန်အေရရှိချက် အမှားအယွင်းမဖြစ်အောင် မှုခင်းဆေးစစ်မှုကိုလည်း ထပ်မံစစ်ဆေးခိုင်းမယ်လို့ ရဲတွေကပြောကြောင်း ဘီဘီစီသတင်းမှာ စက်တင်ဘာ ၂၀ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up