အကြမ်းဖက်သမားများ ဝင်ရောက်မှု မရှိစေရေး ချောက်မြို့တွင် ရှောင်တခင်စစ်ဆေး
DVB
·
September 13, 2017
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အကြမ်းဖက်တွေ မ၀င်ရောက်နိုင်ဖို့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက မနေ့ညက ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ချောက်မြို့ (၁၄)ရပ်ကွက်၊ မြို့အဝင် အနော်ရထာတံတားထိပ်မှာ ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ် ၂၈ စီး၊ ဆိုင်ကယ် ၃၂ စီးတို့ကို မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးအေးလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဦးနေမျိုးသန်းတို့ ကြီးကြပ်မှုနဲ့ ဒုမြို့နယ်မှူး ဒုရဲမှူးသိန်ထွန်း၊ ချောက်မြို့နယ် စည်ပင်သာယာ၊ မြို့နယ်သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ အင်အား ၂၃ ဦးပါအဖွဲ့က ည ၇ နာရီကနေ ၁၁ နာရီ ၄၅ မိနစ်အချိန်ထိ ရှောင်တခင် ပိတ်ဆို့စစ်ဆေးခဲ့တာပါ။
စစ်ဆေးရေးအဖွဲ့ ဦးဆောင်သူ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းထွန်းက “မြို့နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရှောင်တခင် စစ်ဆေးဆောင်ရွက်နေတာဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့ကစပြီး ဒီနေ့ထိ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဘင်္ဂါလီ အကြမ်းဖက်တွေနဲ့ ပတ်သက်သော သတင်းများ၊ ထူးခြားမှု တစုံတရာ မတွေ့ရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အလားတူ ချောက်မြို့ ၁၅ နယ်မြေရှိ ရပ်ကွက်အသီးသီးမှာလည်း အရပ်သား လုံခြုံရေးကင်းတွေ တိုးမြှင့်ဆောင်ရွက်ထားပါတယ်။
သတင်း - ကိုလင်း(ချောက်)