အင်္ဂပူ ကညင်ဆည်ပေါ် လူစိမ်းများရောက်ရှိသတင်း ကောလာဟလသာဖြစ်ဟု ရဲပြော
DVB
·
September 9, 2017
အင်္ဂပူမြို့နယ် ကညင်ဆည်ပေါ်မှာ လူစိမ်းတွေ စုဝေးရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ ကောလာဟလသာဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ ရိုးမတောင်တန်းဟာ ရခိုင်ပြည်နယ်ထဲက ဒေသအချို့နဲ့ ထိစပ်နေတာပါ။ ရခိုင်ုပည်နယ်တွင်းက ပဋိပက္ခတွေကို အကြောင်းပြုပြီး ဧရာဝတီတိုင်းထဲက ရခိုင်နဲ့ ထိစပ်နေတဲ့ ဒေသတွေအထိ အကြမ်းမှုတွေ ကူးဆက်နိုင်တယ်၊ အကြမ်းဖက်သမားတွေ ရောက်ရှိနေတယ်ဆိုပြီး ကောလာဟလတွေ စက်တင်ဘာလဆန်းပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
ဒါနဲ့ပတ်သက်လို့ အင်္ဂပူ မြို့နယ် မဲဇလီကုန်းရဲစခန်းက ဒုရဲအုပ်မျိုးမြင့်အောင်က "ဟုတ်ပါတယ်။ အဲလိုကြားလို့ ကျနော်တို့တွေနဲ့ ထွေအုပ်သစ်တော ဒေသခံတွေ ခုလ ၇ ရက်နေ့ကစပြီး အဲဒီသတင်းတွေထွက်နေတဲ့ ကညင်ဆည် နဲ့ ဆည်ကနေ စက်လှေနဲ့ အစွန်ပိုင်းအထိ လိုက်ပြီစစ်ဆေးတာတွေ၊ မေးမြန်းတာတွေ လုပ်ခဲ့တာပါ၊ တစုံတရာထူးခြားတာ မတွေ့ပါဘူး။ အဲဒီတောထဲက တဲ ၂၀ ကျော်လောက်တော့ စစ်ဆေးပြီးပါပီ။ ဒီဘက်နယ်ထဲက တောင်ယာလုပ် ဝါးခုတ် စတဲ့လူတွေပဲတွေ့တာပါ။ သတင်းက အမှားကြီးပါ ဒါကောလာဟလပါ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဆည်နဲ့ဆည်အထက်ပိုင်း ရိုးမထဲအထိ စောင့်ကြည်သွားမှာပါ။ ခုလည်း နေ့ညစစ်ဆေးမှုတွေ စတင်လုပ်ကိုင်နေပါတယ်။ ဒီနေ့အထိတော့ စိုးရိမ်စရာ၊ မသင်္ကာ စရာ မတွေရသေးဘူး” လို ဒီဗွီဘီ ကိုပြောပါတယ်။
ကညင်ဆည်ဟာ အင်္ဂပူမြို့နယ် မဲဇလီကုန်းဒေသကိုဖြတ်သန်းသွားတဲ့ ပုသိမ်-မုံရွာ ကားလမ်းမနဲ့ ၅ မိုင်ခန့်အကွာ ရိုးမပေါ်မှာ တည်ရှိပါတယ်။
ရခိုင်ပြည်နယ်ထဲ ရှိတဲ့ ဂွ တောင်ကုတ် စတဲ့ တောတောင်တွေထဲက ချောင်းဖျားခံလာတဲ့ ကညင်ချောင်းကို ဖြတ်ပိတ် တည်ဆောက်ထားတာပါ။
ဓာတ်ပုံ-ဒုရဲအုပ်မျိုးမြင့်အောင်