မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်သို့ ထပ်မံဝင်ရောက်လာ
DVB
·
September 6, 2017
ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၄၀ ဦးဟာ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ထပ်မံဝင်ရောက်လာပါတယ်။
ပြန်လည်ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ကော့သောင်း ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ တာဝန်ရှိသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေက မြို့မဆိပ်ကမ်းတံတားမှာ ကြိုဆိုကြပြီး အစားအသောက်တွေ ကျွေးမွေးကြကာ မြန်မာအလုပ်သမားတွေရဲ့ နေရပ်တွေဖြစ်တဲ့ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေကို ပြန်နှိင်ဖို့မော်တော်ယာဉ်တွေကို စီစဉ်ပေးခဲ့ပါတယ်။
မွန်ပြည်နယ် ဇင်းကျိုက်က မိကွန်ချမ်းက “ကျမက ထိုင်းနိုင်ငံစူရတ်ဌာနီက စားသောက်ဆိုင်မှာ လုပ်ပါတယ်။ ဆိုင်အတွက် ပစ္စည်းထွက်ယူရင်း ရဲနဲ့တွေပြီး ဘတ်ကတ်မရှိလို့ အဖမ်းခံရတာပါ။ အချုပ်ထဲမှာ ၄၅ ရက်နေခဲ့ရပါတယ်။ ခုနေရပ်ပြန်ပို့ပေးမယ့် အဖွဲ့တွေနဲ့တွေ့လို့ ပြန်လာရတာပါ။ ပြန်မသွားတော့ဘူးလို့တော့ ဆုံးဖြတ်ထားပါတယ်။ ဒီမှာပဲ ရရာအလုပ်လုပ်တော့မယ်”လို့ ပြောပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက အလုပ်သမားများရဲ့ မော်တော်ယာဉ် စီးနင်းခတွေနဲ့ လမ်းခရီးမှာ စားသောက်ဖို့ ကုန်ကျစရိတ်တွေကို ကူညီ ပေးခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်ကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ အလုပ်သမား ဦးရေစုစုပေါင်း ၂၀၄၄ ဦး ရှိပြီဖြစ်တယ်လို့ လဝကစာရင်းတွေအရ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး