မွေးရာပါ ဉာဏ်ရည်မမီသူတွင် ကိုယ်ဝန် ၃ လ ရှိနေ၍ အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်
DVB
·
September 5, 2017
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဆပ်ခင်ကြီးအုပ်စု ပွင့်တောရွာ စက်တင်ဘာလ ၄ ရက် ညနေ ၅ နာရီက မွေးရာပါဉာဏ်ရည်မမီသူအမျိုးသမီးမှာ ကိုယ်ဝန် ၃ လ ရှိနေတာ သိရတာကြောင့် အဒေါ်ဖြစ်သူက လာရောက်တိုင်တန်း အမှုဖွင့်ခဲ့တယ်လို့ ဆည်တိုရွာရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၃ လလောက်က ပွင့်တောရွာနေသူ အသက် ၂၆နှစ်ရှိ မွေးရာပါဉာဏ်ရည် မမီသူ မိမုန်း(ခ)အမုန်းကြီးမှာ ကိုယ်ဝန်ရှိသည့် လက္ခဏာများ ဖြစ်နေတယ်လို့ ထင်မိတာကြောင့် အဒေါ်ဖြစ်သူ ဒေါ်ပို က မိမုန်းကို ခေါ်ပြီး ကျေးလက်ကျန်းမာရေးဆရာမထံ သွားပြပေးခဲ့ပါတယ်။ သားဖွားဆရာမက ကိုယ်ဝန်ရှိနေပြီး အာထရာဆောင်း ရိုက်သင့်တယ် ဆိုလို့ မိတ္ထီလာမြို့ ညိမ်းမေတ္တာဆေးခန်းမှာ အာထရာဆောင်းနဲ့ စစ်ဆေးရာ မိမုန်းမှာ ကိုယ်ဝန် ၃လ ရှိပြီလို့ အတည်ပြုတာကြောင့် မိမုန်းကို အဒေါ်ဖြစ်သူက ချော့မေးကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့ ၃ လလောက်က ရွာအရှေ့ဘက် သရက်ပင်အောက် သရက်သီးကောက်နေစဉ် တရွာတည်းနေ အသက် ၅၃ နှစ်ရှိ ကိုသံချောင်း ရောက်လာပြီး ထမီအင်္ကျီတွေ ချွတ်ခိုင်းကာ အဓမ္မပြုကျင့်ကြောင်း ပြောပြတဲ့အတွက် တိုင်ချက်ပေး အမှုလာဖွင့်တာလို့ ဆည်တိုရွာရဲစခန်းက ပြောပါတယ်။
ဆည်တိုရွာရဲစခန်း ရဲအုပ်သန်းဇော်က "ရွာအုပ်ချုပ်ရေးရုံးမှာ လူမှုရေးအရ ညှိနှိုင်းတယ်။ ကိုသံချောင်းက ငြင်းဆိုတယ်။ ဒါကြောင့် ရဲစခန်းကို အမှုလာဖွင့်တယ်။ ဥပဒေနဲ့ အညီ လုပ်ဆောင်နေပါတယ်"လို့ ပြောပါတယ်။
မလှိုင်မြို့နယ် ဆည်တိုရွာရဲစခန်းတွင် ကိုသံချောင်းကို အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုအမှတ် (ပ)၄/၂၀၁၇ နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)