တမူးမြို့တွင် ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွား
DVB
·
August 25, 2017
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့မ အမှတ် ၉ ရပ်ကွက် ဦးသာရင် နေအိမ်တွင်း လှေကားရင်းနဲ့ ခြံဝင်းပြင်ပတွေမှာ သြဂုတ် ၂၄ ရက် ည ၇ နာရီကျော်က ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။
မျက်နှာဖုံးစွပ်ထားတဲ့ လူသုံးယောက်က ဆိုင်ကယ်တစီးပေါ်ကနေ ဗုံး ၂ လုံးကို လှမ်းပစ်ချသွားခဲ့ပြီးနောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ မျက်မြင်တွေရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး တမူးမြို့မရဲစခန်း ဒုရဲအုပ်ဖေလင်းအောင်က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာ အနီးတ၀ိုက်မှာ ပိတ်ဆို့ပြီး ဗုံးထပ်မံရှာဖွေတာတွေနဲ့ လှည့်လည်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တရားခံကိုလည်း လိုက်လံစုံစမ်း ရှာဖွေနေဆဲလို့ ဆိုပါတယ်။ ပေါက်ကွဲခဲ့တဲ့ ဗုံးအမျိုးအစားကိုလည်း စစ်ဆေးနေဆဲလို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့ မျက်မြင်သက်သေတဦးဖြစ်တဲ့ ဦးမုန်ရှင်းထန်က ဒီဗွီဘီကို ပြောပါတယ်။
အရင်တုန်းကလည်း တမူးမြို့မှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေက ပြည်သူတွေကို ရှင်းလင်းချပြစေချင်တယ်လို့ ဆိုပါတယ်။
သတင်း - ဌေးလှိုင်၊ ဓာတ်ပုံ - Win Zaw Naing