Home
မြန်မာသတင်း
ရန်ကုန်မြစ်ကမ်းပြို ကာကွယ်ရေး နှစ်ရှည်စီမံကိန်း ဆောင်ရွက်မည်
DVB
·
August 22, 2017
ရန်ကုန်မြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ်းပြိုကမ်းစား ကာကွယ်ရေးတို့အတွက် နှစ်ရှည်စီမံကိန်းနဲ့ ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ပြောပါတယ်။ သြဂုတ် ၂၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးကျော်ထွေးရဲ့ ရန်ကုန်မြစ်ကမ်းတလျှောက် ကမ်းပြိုတာတွေ ပိုမိုဖြစ်ပွားလာလို့ ကမ်းပြိုတာတွေ ဆက်လက်မဖြစ်ပွားအောင် ကာကွယ်တာ၊ မြစ်ကြောင်းထိန်းသိမ်းတာတွေကို စီမံကိန်းချမှတ်ပြီး ဆောင်ရွက်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးကျော်မျိုးက အခုလို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။ ရန်ကုန်မြစ်ကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းအဖြစ် နှစ်ပိုင်းခွဲနိုင်ပြီး အပေါ်ပိုင်းမှာ ဆိပ်ကြီး မြစ်ကြောင်းထိန်းတံတိုင်းရဲ့ အလယ်ပိုင်းနေရာက ကမ်းပြိုတိုက်စားတဲ့ အဓိကနေရာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတံတားရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က လုပ်ငန်းအကြီးစားအဖြစ် ပြုပြင်ထိန်းသိမ်းနေတယ်လို့ ဆိုပါတယ်။ ဒု-ဝန်ကြီး ဦးကျော်မျိုးက “ပေ ၇၀၀ လောက်ရှိတဲ့ ပြိုကျတဲ့အပိုင်းတွေ တည်ငြိမ်တဲ့အဆင့်ထိ ရောက်အောင် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမှာဖြစ်ပြီး အခုဘဏ္ဍာရေးနှစ် အပါအဝင် ၅ နှစ်လောက် ဆက်တိုက်ပြုပြင်ထိန်းသိမ်းသွားဖို့ ရှိပါတယ်။ အခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာတော့ တင်ဒါခေါ်ယူထားပြီး ရန်ပုံငွေကျပ် သန်း ၅၀၀ လျာထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြစ်အောက်ပိုင်း ကော့မှူးမြို့နယ်အတွင်းရှိ သရက်တောကျေးရွာနဲ့ သောင်ခုံကျေးရွာထိ အလျား ၇ မိုင်ခန့်ရှိ ကမ်းနားပိုင်းမှာပေါ်နေတဲ့ သောင်ခုံတွေကိုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သောင်ဖျက် သောင်တူးလုပ်ငန်းတွေ လုပ်ဖို့ ဆောင်ရွက်နိုင်မယ့် ကုမ္ပဏီကိုလည်း နိုင်ငံတကာ တင်ဒါစနစ်နဲ့ ရွေးချယ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ တသန်း လျာထားပြီး ဖြစ်ပါတယ်။ သရက်တောကျေးရွာနဲ့ သောင်ခုံကျေးရွာကြား အလျား ၇ မိုင်ခန့်ရှိတဲ့ ကမ်းနဖူးမှာ ရေကာတံတိုင်း တခု တည်ဆောက်ပြီး မြစ်ကမ်းနဖူး ပြိုကျတာကို ကာကွယ်ဆောင်ရွက်ထားဖို့ ရှိပါတယ်။ ရန်ကုန်မြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ်းပြိုကမ်းစား ကာကွယ်ရေးတို့ကို ဆောင်ရွက်မယ့် စီမံကိန်းကို ပြည်တွင်းပြည်ပက ကျွမ်းကျင်ပညာရှင်တွေ၊ နည်းပညာအကူအညီတွေ ရယူပြီး နှစ်ရှည် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024