Home
မြန်မာသတင်း
ရမ်းဗြဲမြို့နယ်တွင်  လျှပ်စစ်ဓာတ်အားခွဲစက်ရုံ တည်ဆောက်သွားမည်
DVB
·
August 17, 2017
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ လူဦးရေသိပ်သည်းမှု အများဆုံးဒေသဖြစ်တဲ့ လေးတောင်တိုက်နယ်နဲ့ ကျောက်ချောင်း တိုက်နယ်တို့ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ ဓာတ်အားခွဲစက်ရုံတရုံကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ဘတ်ဂျက်ချေးငွေနဲ့ တည်ဆောက်သွားမယ်လို့ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ ရမ်းဗြဲမြို့နယ်တွင် မြို့ရွာပေါင်း ၂၀၇ ရွာရှိရာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ မဟာဓာတ်အားလိုင်းက ဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ဓာတ်အားကို ရွာပေါင်း ၁၂ ရွာလောက် သုံးစွဲခွင့်ရရှိနေပြီ ဖြစ်ပေမယ့် ကျောက်ချောင်းတိုက်နယ်၊ လေးတောင်တိုက်နယ်နဲ့ ကျောက်နီမော်ကျေးရွာတွေကို လျှပ်စစ်ဓာတ်အားလိုင်း ရရှိနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။ ရမ်းဗြဲမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက “အခုမြို့ထဲမှာရှိတဲ့ ဓာတ်အားခွဲစက်ရုံက ၁၀ မိုင် ဧရိယာလောက်ပဲ လွှတ်နိုင်တယ်။ ကျန်တဲ့ရွာတွေထိ မီးရနိုင်အောင်လို့ ကျနော်တို့ လွှတ်တော်စတက်ပြီး ၄ လ အတွင်းမှာပဲ ကြယ်ပွင့်ပြ မေးခွန်းမေးခဲ့တာ လွှတ်တော်ကလည်း ဒါကို အတည်ပြုခဲ့တာပါ” လို့ ပြောပါတယ်။ ရမ်းဗြဲမြို့ဟာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသရှိ ပင်လယ်ကျွန်းစုမြို့ဖြစ်ပြီး ယင်းကျွန်းအတွင်း ကျောက်ဖြူနဲ့ ရမ်းဗြဲ နှစ်မြို့ရှိပြီး ကျောက်ဖြူမြို့မှာ ၂၀၁၄-၁၅ ခုနှစ် လျှပ်စစ်မီး စတင်ဖြန့်ဖြူးတဲ့ အချိန်ကစပြီး မီးရရှိဖို့အတွက် အဓိကဆောင်ရွက်ပေးနေပြီး တမြို့နယ်လုံးနီးပါး လျှပ်စစ်မီးရရှိ နေပြီဖြစ်ကြောင်း သိရပါတယ်။ "ဒီလိုစက်ရုံမျိုးက ပြည်နယ်ဘတ်ဂျက်ငွေနဲ့ မလုံလောက်ပါဘူး။ 11KVA လောက် ဆိုရင်တော့ ရနိုင်ပါတယ်။ ခုဆောက်မှာက 66KVA လောက်ထိ မှန်းထားပါတယ်။ အတည်တော့ မပြုရသေးပါဘူး။ ကျောက်ချောင်းတိုက်နယ်မှာက ရွာပေါင်း ၃၅ ရွာလောက်ရှိပြီး လေးတောင်တိုက်နယ်မှာက ၁၅ ရွာလောက် ရှိတဲ့အတွက် နယ်မြေ ၂ ခုကြားမှာ စက်ရုံဆောက်ဖို့ မြေနေရာကို အရင်ဆုံး လိုက်ရှာနေကြတာပါ” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကို ၂၄ နာရီ သုံးစွဲခွင့် ရရှိနေပြီဖြစ်ပေမယ့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ စတဲ့မြို့များ အပါအဝင် လျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာပေါင်း ၅၀၀ ကျော်တို့မှာ ဆိုလာစနစ်နဲ့ မီးရရှိရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024