လူအများဆုံးသေဆုံးမှုအဖြစ် ဖိလစ်ပိုင် မူးယစ်နှိမ်နင်းမှု တရက်အတွင်း လူ ၃၂ ဦး သေဆုံး

ဓာတ်ပုံ - Getty Images
ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါး ရှောင်တခင်နှိမ်နင်းမှုအတွင်း လူ ၃၂ ဦး သေဆုံးခဲ့ပြီး မူးယစ်နှိမ်နင်းမှုတွေအတွင်း တရက်တည်း လူအများဆုံးသေဆုံးခဲ့တဲ့ နှိမ်နင်းမှုဖြစ်တယ်လို့ ယူဆနေကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြောက်ပိုင်း ဘူလာကန်ခရိုင်မှာ သြဂုတ် ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မူးယစ်နှိမ်နင်းမှုဟာ ၂၄ နာရီကျော် ကြာခဲ့တယ်လို့ သိရပါတယ်။ နှိမ်နင်းမှုအတွင်း သေဆုံးသွားသူတွေက လက်နက်ကိုင်ပြီး ရဲအရာရှိတွေကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ မူးယစ်ရာဇဝတ်သားတွေလို့ ဆိုပါတယ်။ သမ္မတ ရိုဒရီဂိုဒူတာတေးလက်ထက် အငြင်းပွားဖွယ်ရာ မူးယစ်နှိမ်နင်းမှုကို ၂၀၁၆ ခုနှစ်မှာ စတင်လုပ်ဆောင်ကတည်းက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့မှုတွေက လူသေဆုံးမှု များခဲ့လို့ နိုင်ငံတကာက ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့သလို လူ့အခွင့်ရေးသမားတွေကလည်း ဖိလစ်ပိုင်ရဲတွေက မူးယစ်ရာဇဝတ်ကောင်တွေကို ဥပဒေမဲ့သတ်ဖြတ်ဖို့ ကြိုတင်ကြံစည်ခဲ့တယ်လို့လည်း ဝေဖန်ခဲ့ကြပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း အခုလို မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်းရေးအတွင်း ဥပဒေမဲ့ သတ်ဖြတ်ဖို့ကို ခွင့်ပြုခဲ့ပါတယ်။ သြဂုတ် ၁၅ ရက်နေ့ ညသန်းခေါင်အချိန်က ပြုလုပ်ခဲ့တဲ့ ရှောင်တခင်နှိမ်နင်းမှုက နောက်တနေ့ ညသန်းခေါင်အချိန်အထိ ကြာမြင့်ခဲ့ပြီး ဘူလာကန်ခရိုင်တဝှမ်း အကြိမ်ရေ ဒါဇင်ပေါင်းများစွာ ရှောင်တခင်နှိမ်နင်းမှုတွေ လုပ်ခဲ့တာလို့ ဒေသခံသတင်းတွေက ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ရှောင်တခင်နှိမ်နင်းမှုအတွင်း လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တရားမဝင် မူးယစ်ဆေးတွေနဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ရာဇဝတ်သားတွေကြား အကြီးအကျယ် တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း လက်နက်နဲ့ ပြန်လည်ခုခံခဲ့သူတွေ သေဆုံးခဲ့တာလို့ ရဲတွေက ပြောပါတယ်။ မူးယစ်နှိမ်နင်းမှုတွေအတွင်း အစိုးရဘက်က ဥပဒေမဲ့ သတ်ဖြတ်မှုတွေရှိပေမယ့် ဖိလစ်ပိုင်ပြည်သူ အတော်များများက မူးယစ်နှိမ်နင်းမှုကို ထောက်ခံကြတယ်လို့ ဘီဘီစီသတင်းမှာ သြဂုတ် ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up