Home
ဆောင်းပါး
ဂူအမ်ကျွန်း၊ မြောက်ကိုရီးယားဒုံးကျည်၊ အမေရိကန်နဲ့ အမှိုက်ကစ…
DVB
·
August 14, 2017
ဒီကနေ့ ကမ္ဘာ့သတင်းတွေမှာ စိတ်ဝင်စားမှုနဲ့ စိုးရိမ်ပူပန်မှုအများဆုံး ဖြစ်နေတာကတော့ မြောက်ကိုရီးယားက အမေရိကန်တွေ သိမ်းယူပိုင်ဆိုင်ထားတယ်ဆိုတဲ့ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ တာစူနေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းဟာ ကောလာဟလ မဟုတ်တာကတော့ သေချာပါတယ်။ ဘာလို့ဆိုတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ အစိုးရအာဘော်မီဒီယာ ကေစီအင်အေ သတင်းဌာနက အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ အခြေစိုက်ရာဖြစ်တဲ့ ဂူအမ်ကျွန်းကို သူ့ရဲ့ တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်တချို့နဲ့ ပစ်ခတ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သူတို့နိုင်ငံအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုကို တုံ့ပြန်ဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့လို့ပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂကလည်း မကြာသေးခင်ကလေးကမှ မြောက်ကိုရီးယားနိုင်ငံပေါ် စီးပွားရေး အရေးယူဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ဖို့ သဘောတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒါကို မြောက်ကိုရီးယားနိုင်ငံဘက်ကတော့ “ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာပဲ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီအတွက် အမေရိကန်ပြည်ထောင်စုက ပြန်ပြီး ပေးဆပ်ရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။ အဲဒီ မြောက်ကိုရီးယားရဲ့ တုံ့ပြန်မှုကိုလည်း အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ်ထရမ့်က ‘ကမ္ဘာက တခါမှ မမြင်ဘူးတဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဒေါသနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်' လို့ ပြန်ပြီး တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။ မြောက်ကိုရီးယားအစိုးရ သတင်းဌာန ကေစီအင်အေက ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ပြောကြားရာမှာတော့ ‘မြောက်ကိုရီးယားနိုင်ငံက ဂူအမ်ကျွန်းတဝိုက်လုံး မိအောင် သူတို့နိုင်ငံဖြစ် ဟွာဆောင်-၁၂ တာလတ်နဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ စစ်ဆင် တိုက်ခိုက်နိုင်ဖို့ အသေအချာ စစ်ဆေးမှုတွေ လုပ်နေတယ်’ လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီစစ်ရေးတုံ့ပြန်ကြေညာချက်ကတော့ ဂူအမ်ကျွန်းမှာ ပြုလုပ်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွက် တုံ့ပြန်ကြေညာခဲ့တာ ဖြစ်တယ်လို့ အကဲခတ်သူတွေက ယူဆကြပါတယ်။ ဒါပေမယ့် ဒါဟာ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား မြင့်တက်လာတဲ့ နောက်ဆုံး လေလုံးထွားအဆင့်လို့လည်း ဆိုကြပါတယ်။ ကျနော် အရင်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး ရေးသားခဲ့တဲ့ ဆောင်းပါးတချို့မှာ တင်ပြပြီးခဲ့တဲ့အတိုင်း မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်မှု ၅ ကြိမ် ပြုလုပ်ခဲ့ရာမှာ ဇူလိုင်လအတွင်း တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ၂ ကြိမ်လုပ်ခဲ့ပြီး အခုတော့ အမေရိကန်ပြည်မအထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ ရှိနေပြီလို့ အခိုင်အမာ ထုတ်ဖော် ပြောဆိုထားခဲ့တာ ရှိပါတယ်။ တကယ်ပဲ အဲဒီလို ဒုံးကျည်တွေကို မြောက်ကိုရီးယားနိုင်ငံက ပိုင်ဆိုင်ထားခဲ့ပြီလား။ တကယ်ရော တိုက်ခိုက်နိုင်စွမ်းရှိရဲ့လား ဆိုတာကတော့ မြောက်ကိုရီးယားရဲ့အပြောနဲ့ အပြအရ မဖြစ်နိုင်ဘူးလို့ ပြောဖို့လည်း ခက်နေတယ်လို့ ပြောရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ နောက်ထွက်ပေါ်လာတဲ့ သတင်းမီဒီယာတွေရဲ့ ပြောဆိုမှုအရ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင်ကပဲ မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ဒုံးကျည်တွေထဲ ထည့်သွင်းလို့ ရနိုင်လောက်အောင် သေးငယ်တဲ့ နျူကလီးယားထိပ်ဖူးတွေ ထုတ်လုပ်ဖို့ သူ့ရဲ့ရည်မှန်းချက်ကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီလို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုပဲ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ နျူကလီးယား လက်နက်တွေကို ထုတ်လုပ်ရာမှာ သူတို့ မျှော်မှန်းထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာနေတယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ကိုကား ရေးသား ဖော်ပြသွားတာကိုလည်း တွေ့ရပါတယ်။ နောက် ဂျပန်အစိုးရဲ့ စက္ကူဖြူစာတမ်း တခုမှာလည်း လက်နက်အစီအစဉ်ဟာ အကြီးအကျယ် တိုးတက်လာခဲ့ပြီး အခုအချိန်မှာ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရှိခဲ့ရပါတယ်။ ဒါတွေကတော့ မြောက်ကိုရီးယားနိုင်ငံဟာ တကယ်ပဲ သူ ပိုင်ဆိုင်ဖို့ အားထုတ်နေတဲ့ နျူကလီးယားလက်နက်တွေကို ပိုင်ဆိုင်ထားခဲ့ပြီလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပြောဆို ရေးသားခဲ့တာတွေ ဖြစ်ပါတယ်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က သူ့ကို အလွန်အကျွံ ပြောဆိုတုံ့ပြန်ခဲ့တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်သမ္မတကို သာမန်ထက်ကျော်လွန်တဲ့ စကားလုံးတွေသုံးပြီး ထုတ်ပြန်ကြေညာခဲ့တယ်။ ဒါကြောင့်ပဲ သူက အမေရိကန်သမ္မတတွေရဲ့ သာမန် ထုတ်ပြန်ကြေညာချက်ထက် ပိုပြီး ပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရန်သူတဦးအပေါ် နျူကလီးယား လက်နက်ကို အသုံးချခဲ့ဖူးတဲ့ ကမ္ဘာ့အင်အား အကြီးမားဆုံး နိုင်ငံတခုရဲ့ ခေါင်းဆောင်တယောက်က အရင်က မသုံးနှုန်းဘူးသေးတဲ့ ‘ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဒေါသူပုန်ထမှု’ လို့ သုံးနှုန်းပြောဆိုခဲ့တဲ့အတွက် အဲဒီစကားလုံးတွေရဲ့ အကျိုးသက်ရောက်မှုကိုတော့ ကြုံရမှာပဲ ဖြစ်ပါတယ်။ သမ္မတသစ် ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာကတည်းက သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ ဆီးရီးယားအစိုးရက သူ့ကို ဆန့်ကျင်တော်လှန်သူတွေကို ဓာတုလက်နက်တွေ သုံးစွဲနှိမ်နင်းခဲ့တဲ့ လုပ်ရပ်အပေါ် မျဉ်းနီပြ ဟန့်တားကန့်ကွက်မှု မလုပ်ဆောင်ခဲ့တာကို ဝေဖန်ပြောဆိုခဲ့သူဖြစ်တဲ့ သမ္မတ တယောက် အနေနဲ့ သူ့အုပ်ချုပ်ရေးကာလအတွင်းမှာ မြောက်ကိုရီးယားကို ဒေါသတကြီး ပြင်းထန်တဲ့ စည်းတခုကို ရေးဆွဲခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် သူ့စကားလုံးတွေကိုသာ အလေးဂရုမပြုဘူးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုကို လှုပ်ရှားလုပ်ဆောင်မှုအရ အန္တရာယ်ရှိတဲ့ လပ်းကြောင်းပေါ် ရောက်အောင် လုပ်လိုက်တာပဲ ဖြစ်မယ်လို့ လေ့လာသူ တချို့က ပြောဆိုခဲ့ကြပါတယ်။ ခုဖြစ်နေတဲ့ အမေရိကန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့ရဲ့ သူ့နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူဒဏ်ခတ်မှု လုပ်လာတာတွေကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ရဲ့ စစ်ရေးအရ အရေးပါတဲ့ ဂူအမ်ကျွန်းကို သူ့ရဲ့ တာလတ်နဲ့ တာဝေးပစ် တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စဟာ တကယ်တော့ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား ၂ နိုင်ငံတည်းဖြစ်တဲ့ ပြဿနာတခု မဟုတ်တာကတော့ သေချာပါတယ်။ တကယ်လို့များ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ တာလတ်ပစ်ဒုံးကျည်တွေရဲ့ ထိပ်ဖူးကို နျူကလီးယားထိပ်ဖူး တပ်လိုက်မယ်ဆိုရင်…။ အမေရိကန်နိုင်ငံကလည်း သူ့ရဲ့ ကာကွယ်ရေးနည်းပညာနဲ့ စွမ်းအားအရ အဲဒီဒုံးကျည်တွေကို ဝေဟင်မှာ ပစ်ခတ်ဖောက်ခွဲ ဟန့်တားလိုက်မယ်ဆိုရင် အဲဒီဒုံးကျည်တွေရဲ့ ပစ်ခတ်လမ်းကြောင်းအောက် အဝန်းအဝိုင်းမှာ တည်ရှိနေတဲ့ နိုင်ငံတွေအတွက် အကြီးအကျယ် အန္တရာယ်များမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေးကြီးမှာလည်း ဒီ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေအကြား ဖြစ်နေတဲ့ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ကြိုးစားကြရာမှာ အဲဒါဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်လာမှု အနည်းအကျဉ်းထဲက တခုဖြစ်ပြီး ပတ်သက်ရာ ပတ်သက်ကြောင်း အဓိကနိုင်ငံကြီးတွေပါ ပါဝင်ပတ်သက်လာစရာ ရှိနေတဲ့ အခြေအနေမှာ ရှိနေတာကို သိနေတာတောင်မှ အဲဒီတင်းမာမှု လျော့ပါးရေးအတွက် သံတမန်ရေး ချဉ်းကပ်ဆောင်ရွက်မှုတွေ တိုးတက်ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်တာ မတွေ့ခဲ့ရပါဘူး။ သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ အကယ်ဒမီက အရှေ့တောင်အာရှ လုံခြုံရေးရာ လေ့လာသုံးသပ်သူ ကာလီးလ်သာရာကတော့ “အဲဒါကို ဒီအရေးကိစ္စမှာ ဘယ်သူက တာဝန်အရှိဆုံးဖြစ်တယ်ဆိုတာကို တရုတ်နဲ့ ရုရှားကတဘက်၊ အမေရိကန်ကတဘက် အားပြိုင်ဗိုလ်လုကြတဲ့ပွဲပဲလို့ မြင်ကြဖို့များပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ အဲဒီအစည်းအဝေးကြီးဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မလေးရှားတို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ကြီးရဲ့ စည်းရုံးစုစည်းမှုနဲ့ ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေ စေလွှတ်ဆွေးနွေးခဲ့တဲ့ အစည်းအဝေးကြီးတခု ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေ အကြားဖြစ်နေတဲ့ တင်းမာမှုတွေကို ရေရေရာရာ စေ့စပ်ဖြေရှင်းပေးနိုင်ခဲ့တာ မရှိပါဘူး။ လွတ်လပ်တဲ့ လေ့လာသုံးသပ်သူ အချို့ကတော့ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဒုတိယမြောက် တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်မှုက ပြသလိုက်တာကတော့ မြောက်ကိုရီးယား ဒုံးကျည်ဟာ အမေရိကန် အနောက်အလယ်ပိုင်း မြို့တခုဖြစ်တဲ့ ချီကာဂိုအထိရောက်အောင် ပစ်ခတ်နိုင်တယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုက လူသိများတဲ့ ဟာသသရုပ်ဆောင် တယောက်ကတော့ သမ္မတ ထရမ့်ရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သက်တမ်းတခုပဲ အရွေးခံရမယ့်သမ္မတပါ၊ ဘာလို့ဆိုတော့ သူ့သက်တမ်းပြီးရင် ကမ္ဘာကြီးရှိမှာ မဟုတ်တော့လို့ပါပဲလို့ ပြက်လုံးထုတ်ခဲ့တယ်လို့ မိတ်ဆွေ အမေရိကန် နိုင်ငံသားတယောက်က ခုရက်ပိုင်းအတွင်းပဲ ပြောပြသွားခဲ့တာကို သတိရမိပြီး တကယ်လို့များ ဒီဂူအမ်ကျွန်း ကိစ္စကနေ အမှိုက်ကစပြီး…..။       ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024