မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်သို့ ထပ်မံဝင်ရောက်လာ
DVB
·
August 11, 2017
ထိုင်းနိုင်ငံကို အလုပ် သွားရောက်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား ၃၁ ဦး အမျိုးသမီး ၁၀ ဦးနဲ့ ကလေးငယ် ၁ ဦး စုစုပေါင်း ၄၂ ဦးဟာ သြဂုတ် ၁၀ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့ကတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ထပ်မံဝင်ရောက်လာပါတယ်။
ပြန်လည်ဝင်ရောက်လာကြတဲ့ အလုပ်သမားတွေကို ကော့သောင်းခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေက မြို့မဆိပ်ကမ်းတံတားမှာ ကြိုဆိုကြပြီး အစားအသောက်တွေ ကျွေးမွေးကြကာ မြန်မာအလုပ်သမားတွေရဲ့ နေရပ်တွေ ဖြစ်တဲ့ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေကို ပြန်နိုင်ဖို့ မော်တော်ယာဉ်တွေကို စီစဉ်ပေးခဲ့ပါတယ်။
မော်လမြိုင်၊ ဇင်းကျိုက်မြို့နေသူ မသီတာမြင့်က “ကျမ ထိုင်းမှာ အလုပ်သွားလုပ်တာ ၅ နှစ်ရှိပါပြီ။ ရနောင်းအထက်ဘက်က ရာဘာခြံမှာ လုပ်ပါတယ်။ နေထိုင် စားသောက်ရတာ အဆင်မပြေပါဘူး။ တောထဲမှာပဲ နေရတယ်။ ကျတို့မှာ ဘတ်ကတ်မှ မရှိတော့ ဘယ်မှ မသွားရဘူး။ အခုမှ ပြန်ချင်ရင် ပြန်လို့ရတယ်လို့ သူဌေးက ပြောလို့ ပြန်လာတာပါ။ အလုပ်သာ လုပ်ရတယ်။ ဘာမှ စုဆောင်းမိတာ မရှိဘူး။ ရတဲ့လစာနဲ့ ပြန်ဝယ်စားရတာနဲ့ မလောက်ဘူး။ အခု အပြီးပြန်လာတာ။ ပြန်မသွားတော့ပါဘူး။ ဒီမှာပဲ ရတဲ့ အလုပ်လုပ်တော့မယ်”လို့ ပြောပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနက အလုပ်သမားတွေရဲ့ မော်တော်ယာဉ် စီးနင်းခတွေနဲ့ လမ်းခရီးမှာ စားသောက်ဖို့ ကုန်ကျစရိတ်တွေကို ကူညီပေးခဲ့တယ်လို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်ကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ဦးရေ စုစုပေါင်း ၁၈၉၁ ဦးရှိပြီ ဖြစ်တယ်လို့ လ.ဝ.က စာရင်းတွေအရ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး