Live
Home
ဆောင်းပါး
ဘက်လိုက်သတင်းသမားတဦး၏ ရှစ်လေးလုံး ကိုယ်တွေ့သမိုင်း
မောင်သာမည
·
August 9, 2017
nay min 1ဘီဘီစီနေမင်းဟု လူသိများသော စာရေးသူ နေမင်း(သရက်) က သူ၏စာအုပ်ကို ဘက်လိုက်သတင်းသမားရဲ့  အာဏာရှင်နိုင်ငံတော်ကို ဖြိုလှဲခြင်းဟု အမည်ပေးထားသည်။ ‘ဘက်လိုက်သတင်းသမား’ဟူသော အမည်က သတင်းသမားမှန်လျှင် ဘက်မလိုက်ရ ဟူသော ကျင့်ဝတ်ကို စိန်ခေါ်နေသည့်ပုံမျိုး ပေါက်နေသည်။ သို့သော် စာရေးသူ (ဦး)နေမင်းက သတင်းကျင့်ဝတ်ကို စိန်ခေါ်သည့်အနေနှင့် ဤစာအုပ်ကို ရေးခြင်းမဟုတ်ကြောင်း တိတိကျကျ ရှင်းပြထားသည်။ “စာရေးသူသည် မြန်မာရော ကမ္ဘာပါ သိခဲ့ရသည့် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ သတင်းများကို ၁၉၈၈ ခုနှစ်ကာလက မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားသို့ ပေးပို့ခဲ့ရာတွင် မိမိမြင်တွေ့ ကြားသိခဲ့ရတဲ့ သတင်းအချက်အလက်များကို ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် မျှမျှတတ အရှိကို အရှိအတိုင်း ရိုးရိုးသားသား တင်ပြခဲ့သူ မဟုတ်ပေ။ မြန်မာ့လူ့အဖွဲ့အစည်း ကြုံတွေ့နေရသည့် တရားလက်မဲ့ အုပ်ချုပ်သည့် စနစ်ဆိုး ဒုက္ခဆိုးမှ လွတ်ရာလွတ်ကြောင်း နည်းပေးလမ်းပြ ဖော်ဆောင်ရာရောက်သည့် အာဘော်များကို ဉာဏ်မီသမျှ သတင်းမှန်များနှင့် ပူးတွဲတင်ပြသူ ဖြစ်ခဲ့ပါသည်။ မိမိဖြစ်စေချင်သည့် ကြိုတင်နိမိတ်ပြ ပုံရိပ်များကို သတင်းအဖြစ် ဖော်ထုတ်ပြီး လူ့အဖွဲ့အစည်းတခုကို ယင်းနိမိတ်ပုံရိပ်များအတိုင်း လုပ်ဆောင်လာအောင် လှုံ့ဆော်မှုပြုရာရောက်သည့် အာပတ်သင့်သည့် သတင်းများကိုလည်း ပေးပို့ခဲ့သူ ဖြစ်ပါသည်။” (စာ-၁၉ ) “မ.ဆ.လ အာဏာရှင် ဂိုဏ်းသားတွေရဲ့  မဟုတ်မတရားတာတွေကိုပဲ စာရေးသူက ဖော်ထုတ်တင်ပြခဲ့ပြီး စာရေးသူဘက်ကလည်း ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလအတွင်း သတင်းစည်းကို မစောင့်ထိန်းဘဲ လုပ်ခဲ့မိတာတွေကို ထုတ်ဖော်ပြောပြမှသာ တရားနည်းလမ်းကျမည်ဟု ယူဆပါသည်။” ( စာ-၂၀) “အတိတ်အကြောင်းကို မှန်မှန်ကန်ကန် သိမြင်မှသာ အနာဂတ်အတွက် လျှောက်လှမ်းသည့်လမ်း ဖြောင့်တန်းမည်ဖြစ်ရာ အနာဂတ်မြန်မာနိုင်ငံ သာယာဖြောင့်ဖြူးမှုကို လိုလားသော ပြည်သူတိုင်းအတွက် ရည်ရွယ်ပြီး ဤစာအုပ်ကို ရေးသားလိုက်ခြင်း ဖြစ်သည်။ မည်သူ့ကိုမှ လက်စားချေရန်၊ လက်တုံ့ပြန်ရန် ရည်ရွယ်ချက် အလျှင်းမရှိပါ။ - - - - စာဖတ်သူ၏ ဆင်ခြင်တုံတရား မြင့်မားစေရန် ရည်သန်ပြီး ဤစာတမ်းကို ပြုစုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမှန်နှင့် အမှား၊ တရားနှင့် မတရားကို စာဖတ်သူတို့ဘက်ကသာ ဆုံးဖြတ်ကြပါ (စာ ၉ )” ဟု အမှာစာတွင် ရေးသားထားချက်အရ စာရေးသူ (ဦး)နေမင်း၏ စေတနာသည် လေးစားစရာ ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်၊ ည ၉ နာရီကျော်ကျော်တွင် ရန်ကုန်ဆေးရုံကြီးရှိ အမဖြစ်သူ သူနာပြုဆရာမကြီးက တယ်လီဖုန်းဖြင့် သတင်းတပုဒ် ပေးပို့ခဲ့သည်မှ အစပြု၍ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးအတွင်း ဝင်ရောက်ကာ သတင်းသမားတယောက်အဖြစ် ဘီဘီစီသတင်းဌာနနှင့် ဆက်သွယ်ပြီး အလုပ်လုပ်ခဲ့ပုံ အကြောင်းများကို အသေးစိတ် တင်ပြထားသည်။ မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် အရေးအခင်းတွင် အစိုးရဘက်က ဥပဒေမဲ့ ဖြေရှင်းခဲ့ပုံ၊ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားခဲ့ပုံ စသည့် အချက်အလက်များကို မတရား ဖမ်းဆီးခံရသူ တဦးအတွက် လိုက်လံကူညီရင်း ဦးနေမင်း သိခဲ့သည်။ ထိုကာလအထိ သူသည် ဗဟိုတရားရုံးရှေ့နေတဦးသာ ဖြစ်နေသေးသည်။ ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ဘီဘီစီ အပြည်ပြည်ဆိုင်ရာ သတင်းထောက် ခရစ္စတိုဖာဂန်းနက်နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင်မှ ဘက်လိုက်သတင်းသမားအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ ထိုနေ့တွင် မ.ဆ.လ ပါတီ၏ အရေးပေါ်ညီလာခံ ကျင်းပခဲ့ပြီး ဦးနေဝင်းက ပါတီဥက္ကဋ္ဌအဖြစ်မှ တရားဝင် နုတ်ထွက်လိုက်ပါသည်။ ဦးနေမင်းက ခရစ္စတိုဖာဂန်းနက်အတွက် သတင်းနှင့်ဆက်စပ်သော ပုဂ္ဂိုလ်များကို တွေ့ဆုံနိုင်ရန်  ချိတ်ဆက်ပေးခဲ့သည်။ ခရစ္စတိုဖာဂန်းနက် ပြန်လည်ထွက်ခွာသွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့တွင် အခြေစိုက်ကာ မြန်မာသတင်းများကို ရယူသည့်အချိန်တွင် မြန်မာပြည်အတွင်းမှ သတင်းပေးပို့သူမှာ ဦးနေမင်း ဖြစ်ခဲ့သည်။ ခရစ္စတိုဖာဂန်းနက်နှင့် ဦးနေမင်းတို့ သဘောတူညီချက်ကို စာအုပ်တွင် ဤသို့ ရေးထားသည်။ “မြန်မာနိုင်ငံတွင်းမှ သတင်းများ ရယူရေးနှင့်ပတ်သက်ပြီး စာရေးသူက မိမိ တဦးတည်းထံမှ ပေးပို့သော သတင်းများကို ရယူမည်ဆိုပါကNay Min 2 သတင်းများ ပို့ပေးပါမည်။ အခြားသူများထံကပါ မြန်မာသတင်းများ သီးခြားရယူမည်ဆိုပါက အခြားသူများနှင့် ဆက်သွယ်ပါ။ မိမိ မပို့လိုပါ။ မိမိအနေနှင့် မိမိပေးပို့သော သတင်းကို တာဝန်ယူပါမည်။ အခြားသူများပေးသော သတင်းနှင့် အရောမခံနိုင်ပါ။ - - - - အထက်ပါ သဘောတူညီချက် ရရှိပြီးမှသာ စာရေးသူသည် မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေးသတင်းများ ပေးပို့မှု စတင်ခဲ့ပါသည်။” ( စာ - ၇၅) ဤစာအုပ်တွင် စိတ်ဝင်စားစရာအကောင်းဆုံး အချက်တခုမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွက် ရက်သတ်မှတ်သည့်အကြောင်း ဖြစ်သည်။ အရေးတော်ပုံကြီး ဖြစ်မည့်ရက်ကို သူကိုယ်တိုင် မှန်းဆပြီး ဘီဘီစီမှ ထုတ်လွှင့်အောင် လုပ်ခဲ့သည်ဟု ရေးထားသည်။ “မြန်မာသက္ကရာဇ် ၈၈၈ ၌ မြန်မာမင်းနေပြည်တော်တခု ပျက်၍ မင်းပြောင်းမင်းလွဲတခု ဖြစ်ခဲ့ဖူးသဖြင့် ‘ဂငယ် သုံးခု ဥရှစ်ထု’ ဟူသော စကားသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော ကိန်း တဘောင်ဖြစ်ရာ ရှစ်လေးလုံးဆုံရာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသားလူငယ်များ ဦးဆောင်၍ တပြည်လုံး အတိုင်းအတာဖြင့် လူထုတရပ်လုံးက ဒီမိုကရေစီ တောင်းဆိုပွဲကြီး ကျင်းပလိမ့်မည်ဟူသော သတင်းကို စာရေးသူက ဒက္ကာရှိ ခရစ္စထံ ဇူလိုင်လကုန်ပိုင်း ၂၈/၂၉ တွင်ပင် ပို့ခဲ့သည်။ ထိုသတင်းကို မိမိစိတ်ခံစားချက် သုံးသပ်ချက်အရ ခန့်မှန်းပြီး ပေးပို့ခဲ့ခြင်းသာ ဖြစ်ပါသည်။ မည်သည့် ကျောင်းသားပုဂ္ဂိုလ် အဖွဲ့အစည်းနှင့်မျှ နှီးနှောတိုင်ပင် အတည်ပြုချက်ရယူပြီး ပေးခဲ့ခြင်း မဟုတ်ပါကြောင်း ရိုးသားစွာ ဝန်ခံအပ်ပါသည်။” (စာ - ၇၈) “စာရေးသူသည် သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းအထိ သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသားလူငယ်များ ဦးဆောင်၍ တပြည်လုံး ဆန္ဒပြမည့်သတင်းကို ဘီဘီစီမှ ထုတ်လွှင့်ကြေညာပြီး ဖြစ်သော်လည်း မည်သည့်ကျောင်းသားအဖွဲ့နှင့်မှ ယင်းကိစ္စကို စာရေးသူ ဆွေးနွေးအတည်ပြုချက် မရရှိသေးပါ။ - - - - စာရေးသူက မိမိအပိုင် တွက်ဆပြီး ရှစ်လေးလုံးနေ့တွင် လူထုဆန္ဒပြပွဲကြီး ဖြစ်မည်ဟု ဘီဘီစီမှတဆင့် ကြေညာပြီးမှ  မဖြစ်ခဲ့လျှင်ဆိုသော အတွေးသည် စာရေးသူအား ခြောက်လှန့်နေပါသည်။” (စာ - ၈၆) “ပြည်သူတွေ၏ အပူမီးကူးစက်၍ လောင်မြိုက်ခံရသော နိုင်ငံရေး သတင်းသမား တယောက်အဖြစ် စာရေးသူသည် ၁၉၈၈ မြန်မာ့နိုင်ငံရေး ဝဲဂယက်အတွင်း မမျှော်လင့်ဘဲ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ယခု နေရင်းထိုင်ရင်း အောင်မြင်သော ရှေ့နေဘဝမှ နိုင်ငံရေးတွက်ကိန်း မှားသဖြင့် လူလိမ်သတင်းသမားဘဝ ရောက်တော့မှာလားဟု အတွေးဝင်လာပါသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းသည် စာရေးသူအား နှလုံးရောဂါရရှိရန် အစပျိုးခဲ့သောအချိန် ဖြစ်သည်ဟု ဆိုရပါမည်။  - - - -  စာရေးသူအား သြဂုတ်လ ၈ ရက်နေ့တွင် မည်သူမျှ ဆန္ဒမပြလျှင် မိမိတို့ ကျောင်းသားအဖွဲ့ လှည်းတန်း၌ ဆန္ဒပြပေးပါမည်ဟု ကတိပြုခဲ့သော ကျောင်းသားအဖွဲ့ နံနက် ၁၀ နာရီခန့်တွင် စာရေးသူထံ ဖုန်းဆက် အကြောင်းကြားလာပါသည်။ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်မြို့နယ်များမှ ပြည်သူများသည် ရန်ကုန်မြို့လယ်သို့ ဆန္ဒပြရန် ချီတက်လာနေကြောင်း၊ - - - မကြာမီ  ရန်ကုန်မြို့လယ်တွင် ပါတီစုံဒီမိုကရေစီ လိုလားကြောင်း ဆန္ဒပြမည့် လူထုကြီး စုစည်းရောက်လာတော့မည် ဖြစ်ကြောင်း - - - အကြောင်းကြားခဲ့ပါသည်။” ( စာ - ၈၉-၉၀) စာရေးသူ ဦးနေမင်းသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။ ဦးနေမင်း၏ ဘက်လိုက်သတင်းသမားဘဝသည် လပိုင်းသာ ကြာမြင့်ခဲ့သည်။ ဦးနေမင်းသည် သူ့သတင်းများကို ထုတ်လွှင့်ခဲ့သော ဘီဘီစီသတင်းဌာနနှင့် ပတ်သက်၍ နောက်ဆုံးအခန်းတွင် ရေးသားထားသည်။ စိတ်ဝင်စားစရာကောင်း၍ ဆက်လက် သုတေသနလုပ်ရမည့် အချက်များ ဖြစ်သည်။ ဘီဘီစီနှင့် ဦးနေမင်း၏ အဆက်အစပ်၊  ဦးနေမင်းကဲ့သို့သော ဘက်လိုက်သတင်းသမား တယောက်အပေါ် သဘောထား၊ ရှစ်လေးလုံး အရေးတော်ပုံတွင် ဘီဘီစီ၏ ပါဝင်ပတ်သက်မှု စသည်ဖြင့်။ ဦးနေမင်းနှင့် ခရစ္စတိုဖာဂန်းနက်တို့၏ ပြန်လည်တွေ့ဆုံခန်းမှာ စိတ်ထိခိုက်စရာ အကောင်းဆုံး ဖြစ်ပါသည်။ ဦးနေမင်းက သူ ထောင်ကျရသည့် အကြောင်းရင်းတွင် ခရစ္စတိုဖာဂန်းနက်လည်း တစိတ်တပိုင်း ပါဝင်နေလိမ့်မည်ဟု ယူဆခဲ့ပုံရသည်။ “စာရေးသူသည် ဗဟိုစည်ဆေးရုံတွင် ကြာရှည်မတက်ရောက်နိုင်ဘဲ အိမ်တွင် ဝေဒနာသက်သာအောင် ပြန်လည်အနားယူနေချိန်တွင် ခရစ္စထံမှ အဆက်အသွယ် ဝင်လာခြင်း ဖြစ်ပါသည်။ ခရစ္စအသံ ကြားလျှင်ကြားချင်း ထိတ်လန့်သွားပါသည်။ တတိယအကြိမ် ထောင်ထဲထည့်ဖို့ စာရေးသူထံ ဆက်သွယ်လာသလားဟု ထင်မိပါသည်။” “၂၀၁၃ သြဂုတ်လ ၆ ရက်နေ့တွင် ခရစ္စ ရန်ကုန် ရောက်လာပါသည်။ သူနှင့်ပတ်သက်သော မြန်မာနိုင်ငံတွင်းမှ မိတ်ဆွေများက စာရေးသူထံ ဖုန်းဆက်ပြီး ခရစ္စက အလွန်တွေ့ချင်ကြောင်း ပြောကြပါသည်။ စာရေးသူလည်း ၂၅ နှစ်ကြာ ကွဲကွာနေသော မိတ်ဆွေကြီး၏ သဘောထားအမှန်ကို လူချင်းဆုံပြီး ရှင်းတာ အကောင်းဆုံးဟု ယူဆပြီး နောက်ဆုံးတွင် သူနှင့် သြဂုတ်လ ၇ ရက် ည၌ တွေ့ဆုံရန် ကတိပြုခဲ့ပါသည်။” “စာရေးသူက သူနှင့်ပတ်သက်ပြီး ကြားရသောသတင်းများ၊ ကြုံရသည့်အဖြစ်များကို ပြောပြပြီး ဘာကြောင့် ဦးသိန်းစိန် အစိုးရက မင်းကို ပြည်ဝင်ခွင့်ပြုခဲ့တာလဲဟု သံသယရှိသမျှ ကုန်စင်အောင် မေးခဲ့ပါသည်။ သူကလည်း ဝမ်းနည်းပက်လက်ဖြင့် ငိုယိုကာ စစ်အစိုးရလူ မဟုတ်ကြောင်း၊ ပြည်ဝင်ခွင့် ၁၉၈၈ ခုနှစ်က စ၍ အပိတ်ခံခဲ့ရကြောင်း ရှင်းပြသည်။ သံသယများ ကင်းရှင်းပြီးနောက် ခရစ္စနှင့် စာရေးသူတို့ ဆက်ဆံရေးမှာ တူနှင့် ဦးလေး၊ သားနှင့် အဖကဲ့သို့ ပြန်လည်ရှိခဲ့ပါသည်။” (စာ - ၂၃၉-၂၄၀) စာရေးသူ ဦးနေမင်းက သူ၏ ကိုယ်တွေ့သမိုင်းကို ပြောပြကာ ပညာသတိ ကြီးကြပါစေဟု ဆန္ဒပြုထားသည်။ ရှစ်လေးလုံးသမိုင်းနှင့်ပတ်သက်၍ ဆက်လက် သုတေသနပြုစရာတွေ အများအပြား ကျန်နေသေးရာ သူ၏ဆန္ဒမှာ အမှန်တရားကို  ဖော်ထုတ်တင်ပြလိုသူတို့အတွက်လည်းကောင်း၊ သမိုင်းသင်ခန်းစာကို ရယူလိုသူတို့အတွက်လည်းကောင်း အဓိက ရည်ညွှန်းချက် ဖြစ်ပေလိမ့်မည်။         ။ {စာညွှန်း - “ဘက်လိုက်သတင်းသမားရဲ့  အာဏာရှင်နိုင်ငံတော်ကို ဖြိုလှဲခြင်း” နေမင်း (သရက်) - ပထမအကြိမ် (လွင်ဦးစာပေ) ၂၀၁၆ ဇူလိုင်}

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024